
ရွှေတိဂုံစေတီတော်မှ အံ့ဖွယ်ကိုးဖြာ (ကိုးဌာန)
ရွှေတိဂုံဘုရားတွင် –
ကကုသန်မြတ်စွာဘုရား၏တောင်ဝှေးတော်၊
ကောဂမဏမြတ်စွာဘုရား၏ရေစစ်တော်၊
ကဿပမြတ်စွာဘုရား၏ရေသနုပ်သင်္ကန်းတော်၊
ဂေါတမမြတ်စွာဘုရား၏ဆံတော်တို့ကို ဌာပနာထားပါတယ်။ ထို့အပြင် …
ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် (၉) ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့် ရရှိခြင်းဖြင့် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံပါသည်။
ထို အံဖွယ် (၉) ဆူကို တစ်ဆူချင်းစီ လိုက်လံဖူးမြော်နိုင်ရန်အလို့ဌာ –
ဗီဒီယိုများနှင့် ပုံတော်များကို တည်နေရာတည်းစုစည်းပြီး ဖူးမျော်နိုင်ရန် ဖော်ပြလိုက်ပါသည်။
အံ့ဖွယ် (၁) တဝဂူ ဆုတောင်းပြည့်ဘုရား
ရွှေတိဂုံ စေတီတော် အထက်ပစ္စယာ အရှေ့ဘက် တည့်တည့်တွင် တည်ရှိသည်။ ပတ္တမြားမျက်ရှင်ဘုရား ဟုလည်း ခေါ်တွင်လေသည်။ အလွန် ဆုတောင်းပြည့်သည်ဟု ရှေးမင်းများ လက်ထက်ကတည်းက ယုံကြည်ခဲ့ကြသည်။ ရှေးခေတ်အခါက မင်းညီမင်းသားများသည် နန်းလုရန် အကြံအစည်ဖြင့် တဝဂူဘုရားတွင် သစ္စာဓိဋ္ဌာန် ပြုလုပ်ကြသည်။ ဆုတောင်းပြည့်ကြသည် ဖြစ်၍ သတ်ဖြတ် လုပ်ကြံမှုများ အောင်မြင်ကြသည်။ ထို့ကြောင့် အချင်းချင်း မသတ်ဖြတ်စေရန်နှင့် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန် အတွက် မင်းညီမင်းသားများ တဝဂူ ဆုတောင်းပြည့် ဘုရားသို့ တက်ရောက် ဖူးမြှော်ခြင်း မပြုရဟု ရွှေနန်းရှင် မင်းတရားကြီးတို့က အမိန့် စာချွန် ထုတ်ပြန်တော် မူခဲ့ရကြောင်း မှတ်သားဖူးသည်။
မင်းမျိုးမင်းနွယ်တို့ ကြိတ်သွေးသော ဆေးရိုးကြီး ဆေးပေါင်းဖြင့် ဆင်းတုတည်ကာ ဘိုးဘိုးအောင် ဌာပနာ သောကြောင့် ဆေးရိုးကြီးဆင်းတု ဟုလည်း ခေါ်ကြသည်။ မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ်၊ သီတင်းလပြည့်၊ တနင်္ဂနွေနေ့တွင် တည်ထားခဲ့သည်။ ဆွမ်းဦးဘုရား ဟုလည်း ဆိုစမှတ် ပြုကြသည်။ ရှေးယခင်က ဆွမ်းဦး ကပ်လှူလိုသူများသည် ရင်ပြင်ပေါ်၌ ညအိပ်၍ လေမီးဖိုများ၊ ဆွမ်းဆန်များ၊ သစ်သီးများဖြင့် အသင့်စောင့်၍ ဆွမ်းချက် ကပ်လှူကြသော်လည်း အမြဲတစေ ဆွမ်းဦးနေသည်ကို ကြုံရသည်ဟု ဆို၏။
ထိုဘုရားကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်လိုလျှင် ခွင့်ပြုကတ်ပြား ပြုလုပ်ရသည်။ မှတ်ပုံတင်၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာများ ပြ၍ ဂေါပက ရုံးတွင် ကတ်ပြား ပြုလုပ်ရသည်။ ထိုကတ်ပြားကို ဗုဒ္ဓဟူး ထောင့်ရှိ လုံခြုံရေးများထံ ပြ၍ တက်ရောက်နိုင်ပါသည်။ စေတီအုတ်ဖိနပ်တော် အထက်တွင် တည်ရှိသောကြောင့် အမျိုးသမီးများ မတက်ရောက်နိုင်ပေ။ ယခုအခါ အများပြည်သူများ ဖူးမြော်နိုင်စေရန် မုခ်ဝ အာရုံခံတန်ဆောင်း လေးခုလုံးတွင် တဝဂူ ရုပ်ပွားတော်ကို တီဗွီကြီးများဖြင့် တိုက်ရိုက်လွှင့်၍ အပူဇော်ခံထား၏။
အံ့ဖွယ် (၂) ဝိဇ္ဇာဇော်ဂျီ ဘုရား
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စနေထောင့် တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ထုလုပ်ထားသည်ကို တွေ့ရသည်။ ရှေးအခါက လောကီပညာရပ် အစီအမံများဖြင့် စီရင်ပြုလုပ် တည်ထားသည့်ဘုရားဟု သိရှိရပေသည်။
အံ့ဖွယ် (၃) ရှင်စောပုဘုရား
ရွှေတိဂုံရင်ပြင်တော် ရာဟုထောင့်ရှိ ချမ်းသာကြီးဘုရား၏ အနောက်မြောက်ဘက် သံတန်ဆောင်းကြီးဘေးတွင်တည်ရှိသည်။ ဗားထီး၊ ဗားမဲ့၊ ဗားတမော့၊ ဗားမြိုက် အစရှိသည့် လောကီပညာရှင်ဆရာတော်များ၏ကောင်းမှုများ လည်းဖြစ်၊ ဗားလေးဗား ဆရာတော်ကြီး တို့အားလည်း ရည်စူးတည်ထားခြင်းဖြစ်ပါသည်။ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
မွန်ဘုရင်မကြီးရှင်စောပုတည်ထားကိုးကွယ်ခဲ့ခြင်းကို အစွဲပြုပြီး ရှင်စောပုဘုရား ဟူ၍လည်းကောင်း၊ ဇေဋ္ဌမင်းမိဖုရား၊ သီလရှင် နတ်သမီး ဆုတောင်းပြည့်သည်ကို အစွဲပြု၍ ဆုတောင်းပြည့်ဘုရားဟု လည်းကောင်း ခေါ်ဝေါ် ကြခြင်းဖြစ်ပါသည်။
စေတီစုအလယ်ခန့်ရှိ ခေါင်းလောင်းပုံနှုတ်ခမ်းထိ ရွှေသင်္ကန်းနှင့်စေတီ၏တောင်ဖက်ကပ်လျက် တုရင်နှစ်ထပ်ဂူအတွင်းရှိရှေးလက်ရာ ဆင်းတုတော်သည် ဆုတောင်းပြည့်သည်ဟုအဆိုရှိသည်။ ဝါးတစ်စကို မိမိ၏လက်ယာလက်ဖြင့် တစ်တောင်တိတိတိုင်းဖြတ်ကာ ရှေ့တော်၌ ချကာ လိုရာဆုတောင်းပြီး ယင်းဝါးစကိုပြန်၍တိုင်းကြည့်လျှင် တစ်တောင်ထက်ပိုရှည်နေပါက ဆုတောင်းပြည့်မည့်နိမိတ်ဟုလည်း အမှတ်အသားရှိကြပါ သည်။ ဘုရားအနီးတွင် စကားစိမ်း စကားဝါစသော စကားပင်လေးပင်ရှိသည်။ ထိုစကားပင်များသည် မည်သည့်အခါမျှ စေတီတော်၏ဉာဏ်တော် ထက်ပိုမြင့်လေ့မရှိပါ။
အံ့ဖွယ် (၄) ဆံတော်တွင်းရုပ်ပွားတော်
ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်ရှိ ဆံတော်တွင်းတန်ဆောင်းတွင် တည်ရှိပါတယ်။
ဆံတော်တွင်းတန်ဆောင်း၏ ကောင်းမှုတော်မှာ ဒဂုန်ခင်ခင်လေး ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားတည်စဉ်က ဆံတော်လေးဆူကို ဆေးကြောသည့်တွင်း ဖြစ်သည်ဟု မှတ်သားရပါတယ်။
ဧရာဝတီမြစ်ရေနှင့် ဆံတော်တွင်းရေသည် တကြောတည်း ရှိပြီး ဧရာဝတီ မြစ်ရေ အတက်အကျရှိလျင် ဆံတော်တွင်း ရေလည်း အတက်အကျရှိသည်ဟု မှတ်သားခဲ့ရပါတယ်။ ၁၈၇၉ခုတွင် ဆံတော်တွင်းကို ငုံပြီး အုတ်ပြဿာဒ် တည်ဆောက်ခဲ့ပါတယ်။
အံ့ဖွယ် (၅) ရှင်အဇ္ဇဂေါဏဘုရား
ရွှေတိဂုံရင်ပြင်တော် ရင်ပြင်တော် တနင်္ဂနွေထောင့်မှာရှိတဲ့ နောင်တော်ကြီး ဘုရားရဲ့ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း ရုပ်ပွားတော် ဖြစ်ပါတယ်။
ရှင်အဇ္ဇဂေါဏဟာ ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက်ရှိတဲ့ ကိုယ်တော်လို့ ထင်ရှားပါတယ်။ အဂ္ဂိရပ်တန်ခိုးနဲ့ ပုဂံခေတ်က ရွှေမိုး၊ ငွေမိုးရွာအောင် စောင့်မခဲ့သော ကိုယ်တော်လို့လည်း ရှေးက ဆိုကြပါတယ်။ ရှင်အဇ္ဇဂေါဏဆရာတော် တည်ခဲ့မှန်း လူအများသိစေရန် မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ်သွားကြောင်း အဆိုရှိပါတယ်။ ရာဟုထောင့် (သို့မဟုတ်) အနောက်မြောက်ထောင့်မှာ တည်ရှိပါတယ်။
အံ့ဖွယ် (၆) ဘိုးဘိုးအောင်ဘုရား
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်ဦးအနီးရှိ ဘိုးဘိုးအောင် တန်ဆောင်းတွင်းတွင် တည်ထားကိုးကွယ်သော ဘုရားဖြစ်သည်။ တန်ဆောင်းတွင်ရှိ ရုပ်ပွားတော်ကို ထွက်ရပ်ပေါက် ဘိုးဘိုးအောင်တည်ရစ်သည်ဟု ပြောစ မှတ် ပြုကြ၏။
ဘိုးဘိုးအောင် တန်ဆောင်းနှင့် ကျောချင်းကပ်လျက်တွင်မူ ဓမ္မစေတီမင်းကောင်းမှုစေတီတော် တည်ရှိသည်။ ဓမ္မစေတီဘုရား ရှေ့တွင်ခြင်္သေ့ရုပ်နှင့် ကျားရုပ်တည်ရှိသည်။
အံ့ဖွယ် (၇) ရှင်မထီးဘုရား
တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ မြောက်ဘက် အာရုံခံတန်ဆောင်းတွင် တည်ရှိပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်လောက်က ရှင်မထီးရဟန်းမှ တည်ထားခဲ့သည်ဟု သိရပါတယ်။
အံ့ဖွယ် (၈) လက်ပက်လက်ဘုရား (သို့) ကကုသန်ရုပ်ပွားတော်
ရွှေတိဂုံစေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းရှိ လိုဏ်ဂူထဲတွင် တည်ရှိပါတယ်။
တဝဂူဆုတောင်းပြည့်ဘုရားနှင့် အထက် အောက် အနေအထားတွင် ရှိပါတယ်။
အံ့ဖွယ် ၁ နှင့် အံ့ဖွယ် ၈ ကို တစ်ချိန်တည်း ဖူးမျှော်နိုင်ပါတယ်။ ဆင်းတုတော်၏ လက်ကို ပက်လက်အနေအထားဖြင့် ထုထားသဖြင့် လက်ပက်လက်ဘုရား ဟုအသိများပါတယ်။ ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရားကို ရည်မှန်းပြီး တည်ထားခြင်း ဖြစ်ပါတယ်။
အံ့ဖွယ် (၉) ပြဒါးရှင်ဘုရား
ရင်ပြင်တော်အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိ စေတီတစ်ဆူ၏ တောင်ဘက်မုခ် အတွင်းရှိ ကြေးဆင်းတု ရုပ်ပွားတော်ဖြစ်သည်။ အချိုးအစား အလွန်ပင် ကျနပြေပြစ် လှသည်။
နဖူးတော်တွင် မို့မောက်နေ၍ ပြဒါးရှင် လုံး ဌာပနာ၍ တည်ထားသည်ဟု ဆိုကြ၏။
ထိုကြေးဆင်းတု ရုပ်ပွားတော်မှာ အထူးပင် သပ္ပါယ်လှ၍ အချိုးအစားကျနပြီး မြတ်ဗုဒ္ဓရှင်တော်ဘုရား၏ ပုံဟန် တော်ကို ရည်မှတ် ပူဇော်ဦးခိုက်ရာတွင် နှလုံးပီတိ ဂွမ်းဆီထိသလို နှလုံးစိတ်ဝမ်း အေးချမ်းကြောင်း ဖူးဖူးသူ တိုင်း ဝန်ခံရပါသတည်း။