
သံဂါယနာတင်ခြင်း
သုမေဓာရှင်ရသေ့မှ အလောင်းတော်သိဒ္ဓတ္ထ
ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်လျှင် လွန်ခဲ့သော လေးအသချေင်္နှင့် ကမ္ဘာတသိန်း အထက်တွင် ဒီပင်္ကရာဘုရားရှင် ပွင့်ထွန်း ပေါ်ပေါက်တော်မူခဲ့သည်။ ထိုစဉ်အခါက ဂေါတမဘုရားရှင်သည် လောကီစျာန်အဘိညာဉ်ရသော သုမေဓာရှင်ရသေ့အဖြစ်ဖြင့် ဘုရားရှင်နှင့်တကွ တပည့်များ ကြွလာမည့် လမ်းအတွက် ပြင်ဆင်နေခဲ့သည်။ ရှင်ရသေ့သည် ယင်းဘဝ၌ ကိလေသာကုန်ခမ်းသည့် ရဟန္တာဖြစ်နိုင်သော ပါရမီ ရှိနေ၏။ သို့သော် လူနတ်ဗြဟ္မာ သတ္တဝါများကို ကယ်တင်နိုင်သော စွမ်းရည် သတ္တိထူးများ ရှိနေပါလျက် တဦးတည်း တကိုယ်ကောင်းဆန်ပြီး ကိုယ်လွတ်ရုန်းသွားလျှင် မသင့်လျော်ချေ၊ ဒီပင်္ကရာဘုရားရှင်ကဲ့သို့ သဗ္ဗညုတဘုရားဖြစ်အောင် ကြိုးစားမည်ဟု စိတ်၌ စွဲမြဲစွာ အဓိဋ္ဌာန်တင်ခဲ့လေ၏။
“ဗုဒ္ဓေါ ဗောဓေယျံ-သစ္စာလေးပါး မြတ်တရားကို ငါသိသလို သတ္တဝါတွေကိုလည်း သိစေမည်။
မုတ္တော မောစေယျံ-သံသရာအနှောင်အဖွဲ့မှ ငါလွတ်သလို သတ္တဝါတွေကိုလည်း လွတ်စေမည်။
တိဏ္ဏော တာရေယျံ-သံသရာမှ ငါကူးမြောက်သလို သတ္တဝါတွေကိုလည်း ကူးမြောက်စေမည်” ဟုလည်း ကြွေးကြော် ကြုံးဝါးတော်မူခဲ့လေသည်။
ဒီပင်္ကရာဘုရားရှင်သည် သုမေဓာရှင်ရသေ့အား “ဤရသေ့သည် နောင်သောအခါ ငါကဲ့သို့ပင် ဘုရားတဆူ ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့၏။ ရှင်ရသေ့သည် ထိုအချိန်မှ စ၍ ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို လေးအသချေင်္နှင့် ကမ္ဘာတသိန်းတိုင်တိုင် ဖြည့်ကျင့်တော်မူပြီး မဟာသက္ကရာဇ် ၆၇-ခုနှစ် ကဆုန်လပြည့်နေ့ (ခရစ်တော် မပေါ်မီ ဘီစီ ၆၂၃)တွင် နီပေါနိုင်ငံ လုမ္ဗိနီအင်ကြင်းဥယျာဉ်၌ ခမည်းတော် သုဒ္ဓေါဓနဘုရင်နှင့် မယ်တော် မာယာဒေဝီတို့မှ ဖွားမြင်တော်မူခဲ့ပါသည်။ အလောင်းတော်၏ အမည်တော်ကို ‘သိဒ္ဓတ္ထ’ဟု ပေးခဲ့ကြ၏။
ဂေါတမဘုရားရှင်
အလောင်းတော် သိဒ္ဓတ္ထသည် သက်တော် ၂၉-နှစ်အရွယ်တွင် သားတော် ရာဟုလာ မွေးဖွားသည့် ည၌ပင် တောထွက်တော်မူ၍ လူသာမန်တို့ ကျင့်နိုင်ခဲ့သော ဒုက္ကရစရိယအကျင့်ကို ခြောက်နှစ်မျှ ကျင့်တော်မူခဲ့၏။ ယင်းအကျင့်ကို ကျင့်ခြင်းဖြင့် ဘုရားမဖြစ်နိုင်မှန်း အမြင်မှန်ရလာသောအခါ ‘မဇ္စျိမပဋိပဒါ’ခေါ်သော အလယ်အလတ်လမ်းစဉ်အရ တရားကျင့်တော်မူပြန်၏။ ထို့နောက် ထွက်လေဝင်လေ ခေါ်သော အာနပါနစတုတ္ထစျာန်ကို ဝင်စား၍ ဝိပဿနာတရားကို ဆက်လက်ပြီး ရှုမှတ်ပွားများရာ တညဉ့်အတွင်းမှာပင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်၊ ဒိဗ္ဗစက္ခုဉာဏ်တော်နှင့် အာသဝက္ခယဉာဏ် ခေါ်သော အရဟတ္တမဂ်ဉာဏ်တော်ကို ရရှိတော်မူခဲ့၏။
ထိုသို့ အရဟတ္တမဂ်ဉာဏ်ကို ရရှိတော်မူသည်နှင့် တပြိုင်နက်တည်းပင်လျှင် “သဗ္ဗညုတဉာဏ်” ခေါ်သော အလုံးစုံကို အကုန်သိမြင်သော ဉာဏ်တော်မြတ်ကို ရရှိပြီး သက်တော် ၃၅-နှစ်အရွယ်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဘုရားမြတ်စွာသည် ဘုရားဖြစ်တော်မူပြီးနောက် ကျွတ်သင့်ကျွတ်ထိုက်သော လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့ကို ကျွတ်လွတ်အောင် တရားဟောပြလျက် မိမိ၏သာသနာတော်ကြီး တိုးတက် စည်ကား ပြန့်ပွားအောင် ၄၅-နှစ်တိုင်တိုင် ဆောင်ရွက်တော်မူပြီး သက်တော် ၈၀-အရွယ် မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့်နေ့ (ဘီစီ ၅၄၄)တွင် အိန္ဒိယနိုင်ငံ ကုသိန္နာရုံမြို့၌ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ပထမ သံဂါယနာ
ဘုရားမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နှစ်မှ စ၍ သာသနာတော်နှစ်ကို (၁)အဖြစ် စတင် 0ရေတွက်ခဲ့ကြ၏။ ပရိနိဗ္ဗာန်စံတော်မူပြီးစတွင် သာသနာတော်အား ထိပါး ပုတ်ခတ် စော်ကားသည့် သုဘဒ္ဒ အမည်ရှိသော တောထွက်ရဟန်းကြီး၏ သာသနာ့အန္တရာယ်ကြီး ပေါ်ပေါက်သဖြင့် ပရိနိဗ္ဗာန်စံပြီး သုံးလအကြာ ရာဇဂြိုဟ်ပြည် ဝေဘာရတော်၊ သတ္တပဏ္ဏိလိုဏ်ဂူမဏ္ဍပ်တော်၌ ပထမသံဂါယနာ တင်ခဲ့ကြ၏။ ၎င်းသံဂါယနာတင်ပွဲတွင် အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ အမှူးပြုသော ရဟန္တာထေရ်ကြီး အပါးငါးရာ ပါဝင်၍ ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့က အဘက်ဘက်မှ ကူညီ ပံ့ပိုးခဲ့ကြသည်။ သံဂါယနာတင်ရာ၌ သာသနာတော်နှစ် (၁)၊ ဝါခေါင်လပြည့်နေ့မှ စ၍ ကျင်းပရာ ခုနစ်လကြာပြီး သံဃာတော်များက နှုတ်တက်အာဂုံ ရွတ်ဆိုခဲ့ကြသည်။
ဒုတိယ သံဂါယနာ
သာသနာတော်နှစ် ၁၀၀ (ဘီစီ ၄၃၃)တွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းကောင်းတို့၏ ဝိနည်းကျင့်ဝတ်နှင့် မကိုက်ညီသော အဓမ္မဝတ္ထု (၁၀)ပါး အကျင့်များကို ဟောပြောပြုကျင့်ကြသော သာသနာ့အန္တရာယ် ပေါ်ပေါက်လာသောကြောင့် ဒုတိယ သံဂါယနာ တင်ခဲ့ကြ၏။ ၎င်းသံဂါယနာတင်ပွဲတွင် အရှင်ယသ၊ အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ အမှူးပြုသော ရဟန္တာထေရ်ကြီး အပါးခုနစ်ရာတို့ ပါဝင်၍ ဝေသာလီပြည် ကာလာသောကမင်းနှင့် ပြည်သူပြည်သားတို့က အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ သံဂါယနာတင်ရာ၌ ရှစ်လကြာပြီး သံဃာတော်များက နှုတ်တက်အာဂုံ ရွတ်ဆိုခဲ့ကြသည်။
တတိယ သံဂါယနာ
သာသနာတော်နှစ် ၂၃၅ (ဘီစီ ၃၀၈)တွင် ပါဋလိပုတ်ပြည် ရဟန်းတု ရဟန်းယောင် တိတ္ထိများက ရဟန်းကောင်းအသွင်ဖြင့် သာသနာတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာသော သာသနာ့အန္တရာယ် ပေါ်ပေါက်လာသောကြောင့် တတိယသံဂါယနာ တင်ခဲ့ကြ၏။ ၎င်းသံဂါယနာတင်ပွဲတွင် အရှင်မဟာမောဂ္ဂလိပုတ္တ၊ အရှင်မဇ္စျန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာထေရ်ကြီး အပါးတထောင်တို့ ပါဝင်၍ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းနှင့် ပြည်သူပြည်သားတို့က အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ သံဂါယနာတင်ရာ၌ ကိုးလ ကြာပြီး သံဃာတော်များက နှုတ်တက်အာဂုံ ရွတ်ဆိုခဲ့ကြသည်။
စတုတၳ သံဂါယနာ
သာသနာတော်နှစ် ၄၅၀ (ဘီစီ ၉၄)တွင် သီရိလင်္ကာနိုင်ငံ၊ မလယဇနပုဒ်၊ အာလောကလှိုင်ဂူ၌ စတုတ္ထသံဂါယနာ တင်ခဲ့ကြသည်။ ၎င်းနိုင်ငံတွင် သူပုန်ဘေးနှင့် ငတ်မွတ်ခေါင်းပါး အစာရှားမှုဘေးကြီး (၁၂)နှစ်ကြာ ဖြစ်နေသောကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော်များသည် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် အလွန်ပင်ပန်း ခက်ခဲစွာ နှုတ်တက်အာဂုံ ဆောင်ထားခဲ့ကြရ၏။ နောင်သောအခါ ဤကဲ့သို့သော ဘေးအန္တရာယ်မျိုး ပေါ်ပေါက်လာလျှင် ရဟန်းတော်များ သတိ သမာဓိ ပညာနည်းပါးပြီး နှုတ်တက်အာဂုံ မဆောင်နိုင်မည်ကို မြင်တော်မူသဖြင့် သံဂါယနာတင်ခြင်း ဖြစ်သည်။ ၎င်းသံဂါယနာတင်ပွဲတွင် အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာထေရ်ကြီး ငါးရာ ပါဝင်၍ သီရိလင်္ကာနိုင်ငံ ဝဋ္ဋဂါမဏိမင်းလက်ထက် မလယဇနပုဒ်မှ အကြီးအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့က အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ သံဂါယနာတင်ရာ၌ တနှစ်ကြာပြီး ပေရွက်၌ အက္ခရာတင်ကာ သံဂါယနာတင်ခဲ့ကြသည်။
ပၪၥမ သံဂါယနာ
သာသနာတော်နှစ် ၂၄၁၅ (ခရစ်နှစ် ၁၈၇၀)၊ မြန်မာသက္ကရာဇ် ၁၂၃၂-ခုနှစ် တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင် မြန်မာနိုင်ငံတော်၊ မန္တလေးမြို့၌ ပ ဉ္စမသံဂါယနာ တင်ခဲ့သည်။ ပိဋကတ်တော်များကို ပေပုရပိုက်ပေါ်တွင် ရေးသားထားခြင်းဖြင့် ကြာရှည်စွာ မခိုင်မြဲနိုင်ခြင်း၊ စာမူအမျိုးမျိုး ကွဲပြားနေခြင်း စသော အန္တရာယ်များ ကင်းဝေးစေရန် ကျောက်ထက် အက္ခရာတင်ကာ သံဂါယနာတင်ခြင်း ဖြစ်သည်။ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ (တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု) အမှူးပြုသော သံဃာတော်အပါး ၂၄၀၀ ပါဝင်၍ မင်းတုန်းမင်းတရားကြီးနှင့် ပြည်သူပြည်သားများက အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ ထိုသံဂါယနာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန် (ကုသိုလ်တော်)ဘုရားဝင်းအတွင်းရှိ စကျင်ကျောက်ဖြူ (၇၂၉)ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သံဂါယနာတင်ရာ ခုနစ်နှစ် ခြောက်လနှင့် တဆယ့်လေးရက် ကြာခဲ့သည်။ ယင်းနောက် နှုတ်ဖြင့် ရွတ်ဆို၍ သံဂါယနာတင်ရာ ငါးလနှင့် သုံးရက် ကြာခဲ့သည်။ (ထိုစဉ်အခါက အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်နိုင်ငံအစိုးရက သိမ်းပိုက်ထားပြီး ဖြစ်၏။)
ဆ႒မ သံဂါယနာ
သာသနာတော်နှစ် ၂၄၉၈ (ခရစ်နှစ် ၁၉၅၄)၊ မြန်မာသက္ကရာဇ် ၁၃၀၆-ခုနှစ် ကဆုန်လဆန်း (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသံဂါယနာတင်ခဲ့သည်။ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော်မူ အမျိုးမျိုးရှိနေရာ တမူတည်းဖြစ်ပြီး သန့်ရှင်းစင်ကြယ်ရေးတို့ကို ရှေးရှု၍ ခြောက်ကြိမ်မြောက် သံဂါယနာတင်ခြင်း ဖြစ်သည်။ မန္တလေးမြို့၊ မိုးကောင်းကျောင်းတိုက် ညောင်ရမ်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု) အမှူးပြုသော ထေရဝါဒ (မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို) ငါးနိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သံဂါယနာတင်တော်မူခဲ့ကြသည်။
၎င်းသံဃာယနာတင်ပွဲတော်တွင် မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘန (အဂ္ဂမဟာပဏ္ဍိတ)က အမေးပုစ္ဆကဆရာတော်အဖြစ်ဖြင့်လည်းကောင်း၊ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသက အဖြေ ဝိသဇ္ဇက အဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်တော်မူ၍ မြန်မာနိုင်ငံတော်အစိုးရ ဦးဆောင်သော ထေရဝါဒ ငါးနိုင်ငံနှင့် အခြားသော (၂၅)နိုင်ငံတို့မှ ပြည်သူပြည်သားများက အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ အခြားသော သံဂါယနာများတွင် ပါဠိတော်များကိုသာ သံဂါယနာတင်တော်မူခဲ့ကြသည်။ ယခု သံဂါယနာတင်ရာတွင်မူ ပါဠိတော်များကိုသာမက အဋ္ဌကထာကျမ်းများနှင့် ဋီကာကျမ်းများကိုပါ သံဂါယနာတင်တော်မူခဲ့ကြသည်။
သံဂါယနာခြောက်တန်၏ ရလဒ်
ဘုရားမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်မှာ နှစ်ပေါင်း (၂၅၄၄)နှစ် ကြာပြီဖြစ်သော်လည်း ခေတ်အဆက်ဆက်မှာ အရှင်မဟာကဿပ စသော မဟာထေရ်ကြီးများ၏ အသက်ကို ပဓာနမထားဘဲ ကြိုးစား၍ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြသောကြောင့် ယခုထက်တိုင် မပျောက်မပျက် ဆက်လက် တည်တံ့ပြန့်ပွား ထွန်းကားနေခြင်း ဖြစ်ပေသည်။ ထေရဝါဒသာသနာသည် မြန်မာနိုင်ငံသာမက တကမ္ဘာလုံးအနှံ့ ပြန့်ပွား ထွန်းကားရန် တာစူနေပြီ ဖြစ်ပေ၏။ ယင်းကဲ့သို့ ဖြစ်ခြင်းသည် မူလအစ သံဂါယနာခြောက်တန်၏ ရလဒ် ဂုဏ်ကျေးဇူးများပင် ဖြစ်သည်။
ဒုဋ္ဌဂါမဏိမင်းနှင့် သံဂါယနာ
ယင်း သံဂါယနာခြောက်တန်တွင် စတုတ္ထသံဂါယနာမှတပါး အခြားသော သံဂါယနာငါးတန်၌ သက်ဆိုင်ရာနိုင်ငံ၏ အစိုးရမင်းများက ဦးဆောင်၍ ပစ္စည်းလေးပါး စသည်ဖြင့် အဘက်ဘက်မှ ကူညီထောက်ပံ့ခဲ့ကြသော်လည်း စတုတ္ထသံဂါယနာတင်ရာဝယ် ဒုဋ္ဌဂါမဏိမင်းသည် မည်သည့်အကူအညီ အထောက်အပံံ့မျှ မပေးခဲ့ပေ။ ထိုစဉ်က သီရိလင်္ကနိုင်ငံတွင် မဟာဝိဟာရဂိုဏ်း၊ ဇေတဝနဝါသီဂိုဏ်းနှင့် အဘယဂီရိဂိုဏ်းဟု သံဃာ့ဂိုဏ်းကြီး သုံးဂိုဏ်းရှိနေရာ ဒုဋ္ဌဂါမဏိမင်းက မဟာဝိဟာရဂိုဏ်းကို မကိုးကွယ်ဘဲ ဂိုဏ်းကွဲဖြစ်သော ဇေတဝနဝါသီဂိုဏ်းနှင့် အဘယဂီရိဂိုဏ်းတို့ကိုသာ ကိုးကွယ်သဖြင့် သံဂါယနာတင်မှုကို ဦးဆောင်ဦးရွက် လုပ်နေသော မဟာဝိဟာရဂိုဏ်းအား မကူညီ မထောက်ပံံ့ခြင်း ဖြစ်၏။ ထို့ကြောင့် အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာထေရ်ကြီးတို့သည် မလယဇနပုဒ်မှ အကြီးအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့၏ အဘက်ဘက်မှ ကူညီပံ့ပိုးမှုကို ယူခဲ့ကြရခြင်း ဖြစ်၏။
ဒုဋ္ဌဂါမဏိမင်း၏ ကျေးဇူး
ဒုဋ္ဌဂါမဏိမင်းသည် သံဂါယနာတင်ရာ၌ ပစ္စည်းလေးပါးစသည်ဖြင့် မကူညီ မထောက်ပံ့သော်လည်း ဘုရားမြတ်စွာ၏ ဂုဏ်ကျေးဇူးကို သိမြင်ထားပြီး ဖြစ်သောကြောင့် မည်သည့်အနှောင့်အယှက်မျှ မပေးခဲ့ခြင်း ဖြစ်၏။ မှန်၏။ မင်းဖြစ်ပြီးနောက် ဇဠာရကျေးကုလား ခေါ်သော တမီးလ်ပြောက်ကျားသူပုန် ဘေးရန်နှင့် ငတ်မွတ်ခေါင်းပါး အစာရေစာရှားပါးမှု ဘေးရန်တို့ကြောင့် (၁၂)နှစ်လုံးလုံး နိုင်ငံအနှံ့ မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ထိုစဉ်က ဇေတဝနဝါသီဂိုဏ်းနှင့် အဘယဂီရိဂိုဏ်းတို့ခေါင်းဆောင် သံဃာ့ဥသျှောင်ထေရ်များ၏ သင်ကြားပြသမှုကြောင့် ဒုဋ္ဌဂါမဏိမင်းသည် စစ်တိုက်ထွက်တိုင်း ဘုရားမြတ်စွာ၏ သာသနာအတွက် အဓိဋ္ဌာန်ချက် ရည်ရွယ်ချက်ကို ပြုလုပ်ခဲ့၏။
“ရဇ္ဇသုခါယ ဝါယာမော
နာယံ မမ ကုဒါစနံ။
သမၺဳဒၶ သာသနေႆဝ
ဌာပနာယ အယံ မမ။”
“ငါရဲ့ ယခုလို စစ်တိုက်ထွက်ပြီး ကြိုးပမ်းနေရခြင်းသည် မင်းစည်းစိမ်ကလေး ခံစားရရုံမျှ ကြိုးပမ်းနေခြင်း မဟုတ်ပါဘူး။ ဘုရားမြတ်စွာ၏ သာသနာတော်ကြီး အရှည်ခံ့၍ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက်သာ ကြိုးပမ်းနေခြင်း ဖြစ်ပါ၏။”
သူ၏ အဓိဋ္ဌာန်ချက် ရည်ရွယ်ချက်ကား သူ့တသက်တာမျှ မကဘဲ သာသနာတည်နေသရွေ့ အမြဲထာဝစဉ် တည်တံ့နေမည်သာ ဖြစ်ပေသည်။