
သီတင်းကျွတ်
သီတင်းကျွတ်လ သည် မြန်မာတို့၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ဝါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ်နှင့် လမင်းတို့စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူတူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ် တာရာ နက္ခတ်တို့ စုဝေးသောမိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထား သော စပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။
မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာ တော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှု ဘဝများဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြဝဠာနေရာ အနှံ့မှ နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့် နေ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာ များက ဆိုကြပါသည်။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိ ံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။ ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ဝါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။ ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကို ဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။
မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေဝီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ဝင်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။
ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော် မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-
(၁)ပလ္လင်္ကသတ္တာဟ။ ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန် လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ဝိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်း ချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။
(၂)အနိမိသ သတ္တာဟ။ ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံး တော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကို အောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ဝမ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)
(၃)စင်္ကမ သတ္တာဟ။ ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ(၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စြင်္က ံလျှောက်တော်မူကာ (၇)ရက် ထပ်မံ သီတင်း သုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေ သေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စြင်္က ံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ဝင်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။
(၄)ရတနာဃရ သတ္တာဟ။ ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များ ဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင် သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။
(၅)အဇပါလသတ္တာဟ။ ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန် လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆)မုစလိန္ဒ သတ္တာဟ။ ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။
(၇)ရာဇာယတန သတ္တာဟ။ ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင် ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ဝါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ဝင်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေ ချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရဝတ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။
ယင်းကုန်သည်ညီနောင်ကို သံဃာ မရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။
ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမဝါကို မိဂဒါဝုန် မှာ ဝါကပ်တော်မူပြီး ဒုတိယဝါ၊ တတိယဝါ၊ စတုတ္ထဝါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမဝါ ကို ဝေသာလီပြည်၊ ဆဋ္ဌမဝါ ကို မကုဠတောင် စသော နေရာဌာနများမှာ ဝါကပ်တော်မူခဲ့ပါသည်။ သတ္တမဝါကို တာဝတိံသာ နတ်ပြည်မှာ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ဝါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ဝါတွင်း (၃) လ – မှာ
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ဝိဘင်းကျမ်း ကို (၁၂) ရက်
၃။ ဓာတုကထာကျမ်း ကို (၆) ရက်
၄။ ပုဂ္ဂလပညတ်ကျမ်း ကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်း ကို (၈) ရက်
၆။ ယမိုက်ကျမ်း ကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်း ကို (၂၅) ရက်ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း) ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တဝါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း) မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမဝန္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော် မူပါသည်။
(၃) နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း) အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ဝါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေး ဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။
တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာၤဘက်ရွှေစောင်းတန်းက နတ်ဒေဝတာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် ဝါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြ ကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။
အချုပ်အားဖြင့်ဆိုရသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပဝါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိ ပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆုပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန် တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက် နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။
Credit: အောင်မြင်ဌေး