မှန်ကန်တဲ့ အတွေးကို မိမိရဲ့စိတ်ထဲမှာ ထူထောင်ပေးပြီး မှားယွင်းတဲ့အတွးကို ဖယ်ရှားပစ်ဖို့လိုတယ်ပေါ့။ အဲဒီတော့ မှားယွင်းတဲ့ အတွေးဆိုတာ ဘာလဲ။ မှားယွင်းတဲ့အတွေးဆိုတာ အပြစ်ရှိတဲ့အတွေး။ ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တဲ့တဲ့အတွေး။ ဟောဒီ မှားယွင်းတဲံ အတွေးတွေဟာ အပြစ်ရှိတယ်။ ဆင်းရဲတဲ့ အကျိုးကို ပေးတက်တယ်။ အဲဒီအတွေးမျိုးကို ဖယ်ရှားရမယ်။ မှန်ကန်တဲ့အတွေးဆိုတာ အပြစ်ကင်းတယ်။ ကောင်းကျိုး ချမ်းသာကိုပေးတက်တယ်။
လူ့စိတ်ထဲမှာ အတွေးနှစ်မျိုး ကွဲပြားခြားနားမှုရှိတယ်။ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ ဒါကို သိထားလို့ရှိရင် မှားယွင်းတဲ့ အတွေး တွေးမှားလား၊ မှန်ကန်တဲ့အတွေး တွေးမှာလား။ မှန်ကန်တဲ့အတွေးကို တွေးရလိမ့်မယ်။
မှန်ကန်တဲ့အတွေးကို မပြောမီ မှားယွင်းတဲ့အတွေးကို အရင်ပြောရမယ်။ မမှားဖိုက အမှန်လုပ်ဖို့ထက် ပိုအရေးကြီးလို့ ဖြစ်တယ်။ မြတ်စွာဘုရားကလမ်းညွှန်တဲ့အခါမှာ မလိုက်ရမယ့်လမ်းကို အရင်ညွှန်တယ်။ လိုက်ရမယ့်လမ်းကို နောက်မှ ညွှန်တယ်။ ဒါဟ reasonalble ဖြစ်တယ်။ သဘာဝကျတယ်။ မလိုက်ရမယ့်လမ်းကို အရင်ညွှန်ဖို့ ပိုပြီး အရေးကြီးတယ်။ မလိုက်ရမယ့် လမ်းကိုလိုက်ရင် ဒုက္ခအကြီးအကျယ်ရောက်သွားတက်တယ်။ လိုက်ရမယ့်လမ်းကို မလိုက်ရင် အဆင်မပြေရုံပဲရှိမယ်။ ခုနလောက် ဒုက္ခမရောက်နိုင်ဘူး။
ဒါကြောင့်မို့ မင်္ဂလသုတ်မှာ ကြည့်လေ။ အသေဝနာ စ ဗာလာနံ – မပေါင်းသင်းရဘူးဆိုတာကို အရင်ပြောတယ်။ ပြီးတော့မှ ပေါင်းရမယ် ဆိုတာကိုနောက်မှ ပြောတယ်။ မပေါင်းဖို့ရာက ပိုအရေးကြီးတယ်။ ဆိုပါစို့ အစာတစ်ခုက အဆိပ်ရှိနေတယ်၊ အစာတစ်ခုက အဆိပ်မရှိဘူး။ သို့သော် ခန္ဓာကိုယ်ကို အကျိုးမပြုဘူး။ အဲဒီ နှစ်ခုကို မသိလို့ စားမယ့် ပုဂ္ဂိုလ်အတွက် ဘယ်ဟာကို အရင်တားဖို့ လိုအပ်သလဲ။ အဆိပ်ရှိတဲ့အစာကို မစားမိဖို့ ပိုအရေးကြီးတယ်။ ခုနက အဆိပ်မရှိတဲ့ အစာက အကျိုးမပြုရုံ မပြုမှာ။ ဒုက္ခ ရောက်မသွားစေနိုင်ဘူး။ အဆိပ်ရှိတဲ့ အစာကိုစားမိရင် ချက်ချင်းဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့်မလုပ်ရမယ့်ဟာကို အရင် ပြောရတယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ