ဘုရားအလောင်းရဲ့ စိတ်ဓာတ်ကို ကြည့်လိုက်ပါ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ထဲမှာ ပုဏ္ဏားတစ်ဦးရှိတယ်၊ အဲဒီပုဏ္ဏားဟာ ချောက်ထဲ ကျသွားတဲ့ အတွက် အပေါ်ပြန် မတက်နိုင်ဘဲ ရှိနေတယ်၊ အဲဒီအခါမှာ ဘုရားလောင်းမျောက်မင်းက ဒီပုဏ္ဏားကိုကယ်တင်ပေးတယ်၊ ချောက်ထဲကနေ ကိုယ်တိုင်ကုန်းပိုးပြီး ကယ်တင်ပေးရတာ မောလွန်းအားကြီးတဲ့အတွက် အပေါ်ရောက်တဲ့အခါမှာ ပုဏ္ဏားကြီးပေါင်ကို ခေါင်းအုံးပြီးတော့ ခဏအိပ်နေတယ်၊ အဲဒီအခါမှာ ပုဏ္ဏားကြီးက စဥ်းစားလိုက်တယ်-
“ငါဟာ ဒီနေ့တော့ ကံမကောင်းလို့ ချောက်ထဲကျသွားတဲ့အတွက် ဘာမှ ရှောဖွေလုပ်ကိုင်လို့ မရတော့ဘူး၊ ဒါကြောင့် အိမ်အပြန်မှာ ဘာမှ လက်ဆောင် ပါမသွားနိုင်ဖြစ်မယ်၊ ငါ့ရှေ့မှာ အိပ်ပျော်နေတဲ့ မျောက်မင်းကိုသတ်ပြီးတော့ အိမ်အပြန် လက်ဆောင်အဖြစ် ယူသွားရမယ်” လို့တွေးပြီး မျောက်မင်းရဲ့ ဦးခေါင်းကို ခဲနဲ့ ထုသတ်လိုက်ပါတယ်။
ပုဏ္ဏားကြီးဟာ ချောက်ထဲကျလို့ အစာမစားရတာကြာပြီဖြစ်လို့ မျောက်မင်းရဲ့ဦးခေါင်းကို ထုလိုက်ရတဲ့ အရှိန်က မပြင်းပါဘူး၊ အဲဒါကြောင့် ဘုရားလောင်းမျောက်မင်းရဲ့ ဦးခေါင်းဟာ ကွဲရုံပဲ ကွဲပြီးတော့ သွေးတွေကျလာပါတယ်၊ အဲဒီအခါမှာ ဘုရားလောင်းမျောက်မင်းဟာ ပုဏ္ဏားအနီးကနေ အဝေးထွက်ပြေးပြီးတော့ နီးရာအပင်တစ်ပင်ပေါ်ကို တက်ပြေးလိုက်ပါတယ်၊ ဒါပေမယ့် ပုဏ္ဏားဟာ အိမ်ပြန်ဖို့အတွက် လမ်းပျောက်နေသေးတာကြောင့် မျောက်မင်းကပဲ အပင်ပေါ်ကနေ သွေးစက်တွေကျေနေတဲ့ကြားထဲက လမ်းပြန်ပေးခဲ့တယ်၊ ပုဏ္ဏားဟာ မြေပြင်ပေါ်မှာ ကျလာတဲ့ မျောက်မင်းရဲ့ သွေးစက်တွေကို ကြည့်ပြီးလမ်းမှန်းလျှောက်လို့ အိမ်ပြန်ရောက်သွားတဲ့တယ်။
အဲဒါ ကိုယ့်အပေါ်မှာ မကောင်းပေမယ့် ကောင်းခဲ့တာဟာ ဘုရားလောင်းရဲ့စိတ်ဓာတ်ပါနော်၊ အဲဒီလို ဘဝတစ်ခုကို လျှောက်လှမ်းကြရမယ်။
အခုလို ဘဝမှာ နေတဲ့အခါမှာ စိတ်ဓာတ်ရေးရာမှာ ကောင်းတာကို အတူယူရမယ်၊ လူဆိုတာ စီးပွားရေးမျက်စိလည်း ရှိရမယ်၊ ဓမ္မရေးရာအသိဉာဏ်လည်း ရှိရမယ်၊ လူ့အသိုင်းအဝိုင်းမှာ နေတဲ့အခါမှာ စီးပွားရေးမျက်စိ မရှိလို့လည်းမဖြစ်ဘူးနော်၊ တရားသဖြင့်သာ စီးပွားရှာရမယ်၊ ဓမ္မအသိရှိတဲ့အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှ မလုပ်မိအောင် တရားနဲ့ ထိန်းသွားနိုင်းရမယ်၊ ထိုပုဂ္ဂိုလ်ရလာတဲ့ အကျိုးစီးပွားကိုလည်း ဓမ္မယလဒ္ဓ တရားသဖြင့်ရတဲ့ အကျိုးစီးပွားလို့ ဒီလို ဆိုထားတယ်နော်။
အဲဒီတရားသဖြင့် ရလာတဲ့ အကျိုးစီးပွားနဲ့ ခုနက ဓမ္မအသိဉာဏ်နဲ့ ၂ခု ပေါင်းပြီးတော့ မိမိကိုယ်တိုင်လည်း ချမ်းသာအောင်နေတယ်၊ မိမိပတ်ဝန်းကျင်ကိုလည်း ချမ်းသာအောင် ထားတယ်၊ မိဘကိုလည်း ကျွေးမွေးစောင့်ရှောက်တယ်၊ ဆွေမျိုးသားချင်းတွေကိုလည်း ထောက်ပံ့တယ်၊ မိမိကိုးကွယ်တဲ့ ဘာသာတရားကိုလည်း ထောက်ပံ့တယ်ဆိုတဲ့ အလုပ်တွေ လုပ်တာဟာ ဘဝမှာ ကောင်းတာတွေကို လုပ်တဲ့လုပ်နည်းဖြစ်တယ်။
နေ့စဥ် ဘဝတစ်ခုမှာ အခြေခံအားဖြင့် အကျိုးရှိအောင် နေဖို့ဆိုတာ အကုသိုလ်နည်းအောင် နေဖို့အတွက်ပဲဖြစ်တယ်၊ လူရယ်လို့ ဖြစ်လာရင် စီးပွားရှာရမှာပဲ၊ စီးပွားရှာတဲ့အခါမှာလည်း တရားမျှတစွာနဲ့ ကုသိုလ်စိတ်မွေးပြီး ရှာဖွေကြရမှာ၊ စိတ်ဖြူစင်အောင်ထားပြီး ဆောင်ရွက်ရမယ်၊ ငါလုပ်တဲ့ အလုပ်တွေဟာ အများအတွက်ဖြစ်ပါစေ၊ အများအတွက် ငါလုပ်သမျှဟာ အကျိုးဖြစ်ပါစေ၊ ဒီလိုစိတ်ထားမျိုး ထားပြီးတော့ လုပ်ကိုင်ပေးရမယ်၊ ဒါဟာ ဘဝမှာ အကျိုးရှိအောင်နေနည်း တစ်ခုပဲပေါ့။
ဒေါက်တာနန္ဒမာလာဘိဝံသ