ဘုရားရှင်တို့၏ တူညီသော အချက် (၃၀)
(၁) အလောင်းတော်သည် နောက်ဆုံးသော ဘဝ၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။
(ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူ း ။ အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။
(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ.သို. မျက်နှာမူပြီးနေပါတယ် ။
( အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။ အတည့်ပဲနေပါတယ် ။မယ်တော်ရဲ. ဝမ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ်. သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါတယ် ။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။ )
(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါတယ် ။
( ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါတယ် ။သကျ သာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့် အတိုင်း မွေးမွေးခြင်း ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြတယ် ဆိုပါတယ်(ဤကား။ အရှင် ဉာဏိသာရ၏ အဟော)
(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။
(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ
၁ ။ အေဂၢါ ဟမသိၼ ေလာကႆ ။
ငါသည် လူသုံးပါးတို့တွင် အမြတ်ဆုံး ဖြစ်၏ ။
၂ ။ ဇေဋ္ဌော ဟမသ္မိ လောကဿ ။
ငါသည် လူသုံးပါးတွင် အကြီးအကဲဆုံး ဖြစ်၏ ။
၃ ။ သေဋ္ဌော ဟမသ္မိ လောကဿ ။
ငါသည် လူသုံးပါးတို့တွင် အချီးမွမ်းအပ်ဆုံး ဖြစ်၏။
အယ မန္တိမာ ဇာတိ နတ္ထိဒါနိ ပုနဗ္ဘဝေါတိ =နောက်ထက်တစ်ဖန် မေးဖွားခြင်း မရှိတော့ဘူး
ဒီဘဝ မွေးဖွားခြင်းဟာ နောက်ဆုံးမွေးဖွားခြင်းပါ..
ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံးပဋိသန္ဓေ နေရခြင်းတည်း၊နောက်ထပ်ပဋိသန္ဓေ နေစရာမလိုတော့ပြီ.ဟုကြုံးဝါးတော်မူပါသည်။
(ထိုကာလတွင် အကိုးကွယ်ခံ ဘဝသို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟု ဆို၏ ။ ဂေါတမ ဘုရားလောင်းသည် (၃) ဘဝ၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘဝ – (သုခမှတ်စု)
(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင် ၊ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ ( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက်တွင် ၁-ယောက် အပါအဝင်ဟု သတ်မှတ်သည်။ )
(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။
( အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မဝတ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။ အကျယ်ပြောရင် အများကြီးပဲ ၊ သုဒ္ဓေါဓန မင်းကြီး ၊ မဟာသန္တတိ အမတ်ကြီး ဇာတ်တွေမှာပရိနိဗ္ဗာန်စံဝင်ကြရခြင်းအကြောင်း ဖတ်ပါလေ )
(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။
( ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ ဖြစ်သည်။ ဘုရားရှင်၏ ဝမ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။ )
(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။
(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။
(ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဉာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း –
၁။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )
၂။ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )
၃။တတိယပါရာဇိက ပါဠိ ( ဝိ-၁ ၊ ၈၉ )
၄။အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )
၅။မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )
၆။ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည် ။
(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။
( မာရ်နတ်ဆိုတာကတော့ နတ်ပြည် ၆-ထပ်မှာ ပေါ်ဆုံးထပ် ( ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် – ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ ) မှ နတ်ဆိုးတစ်ဦင်္းပဲ ဖြစ်ပါတယ် ။ အဲဒီ့ နတ်ပြည်ရဲ့ အဓိပတိခေါင်းဆောင်က ၀သဝတ္တီ နတ်မင်းကြီး ပါ ။ မာရ်နတ် ကတော့ ပွကြီးပေါ့ ။ ၃၁-ဘုံမှာ သူတန်ခိုးကြီးတယ် ၊ကာမဂုဏ်ဆိုတာ သတ္တဝါတွေ အတွက် သူကပဲ ဖန်ဆင်းပေးထားတာ မျိုး အထင် ရောက်နေသူပါ။ ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမဲ့ ဘုရားလောင်းတွေဆိုရင် သူနှောက်ယှက်တာပါပဲ ။
အဲဒီ.ညနေစောင်း မာရ်နတ်နဲ့ တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်တယ်ပြောကြတာပဲ ။ ဘုရားလောင်းရဲ. အနားမှာ ဘုရားဖြစ်တာနဲ့ ခရူသင်းမှုတ်မယ်ဆိုပြီး ခရူသင်းကြီးကိုင်ပြီးစောင့်နေတဲ့ သက္ကမင်း (သိကြားမင်း) နဲ့ ဗြဟ္မာတွေ၊နတ်တွေလဲ တိုက်ပွဲစတာနဲ့ အကုန်ပြေးကြတာပဲတဲ့။ ထားပါတော့ ဘုရားရှင်က မဟာပထဝီ မြေကြီးကို တိုင်တည်တော့ မာရ်နတ်ကြီးလည်း ဂိရီမေခလာဆင်တော်ပေါ်က ပြုတ်ကျပြီး ထွက်ပြေးရပါတယ်။
အဲဒီမှာ မာရ်နတ်ကြီးကိုင်လာတဲ့ ရွှေဆောင်းတော်ကြီးဟာ ဗောဓိပင်နားမှာ ကျန်ခဲ့ပါတယ်။ အဲဒီဆောင်းကို သိကြားမင်းကကောက်ပြီး ပဥ္စသင်္ခနတ်သားကို ပေးထားတာလို့ ပြောပါတယ်။ အခု ပဥ္စသင်္ခနတ်သားကိုင်ထားတာ မာရ်နတ်ကြီးရဲ့ဆောင်းပါ။
ဘုရားရှင် ဒီတိုက်ပွဲကို မေတ္တာပါရမီ ၊ အဓိဌာန် ပါရမီ တန်ခိုးတွေနဲ့ နိုင်ခဲ့ပါတယ် ။
(၁၂) ဗောဓိပလ္လင်၌သာ ဝိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါတယ်။
(၁၃) ဗောဓိပင်ရဲ. ထက် ဝန်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။
(၇) ဌာနပေါ့ ။ နည်းနည်းတော့ ပြောချင်သေးတယ် ။
(က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ဝင်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ ” ယဒါဟဝေ …” စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )
(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ” ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား ” ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ]
(ဂ) (ရတနာ) စင်္ကမ သတ္တာဟ။ ။ နောက်တခါ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆) ရက်နေ့အထိ ၇-ရက် တွင် ဗောဓိပင်ပလ္လင် နဲ့ အနိမိသဌာန အကြား ၊ ဗောဓိပင်၏ မြောက်ဘက်၌ စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ဒီနေရာမှာ နတ်တွေက “….ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည် ၊ ဘုရားစင်စစ်မဖြစ်သေး ” ..ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားသံသယကိုပျောက်စေရန် ရေအစုံ ၊ မီးအစုံ ယမိုကြ်ပာဋိဟာ ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ဖလသမပတ် ဝင်စားသောကြောင့် ” စင်္ကမ သတ္တာဟ ” ခေါ်သည်။
(ဃ) ရတနာဃရ သတ္တာဟ။ ။ ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော် ကို ဆင်ခြင်နေတော်မူပါတယ်။အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကိုဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ ။နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏ ။
(င) အဇပါလသတ္တာဟ ( ဆိတ်ကျောင်း ညောင်ပင်) ။ ။ ဗောဓိပင် ရဲ. အရှေ. (၃၂)လံ အကွာမှာ ဖြစ်ပါတယ် ။ နယုန်လဆန်း (၁၄)ရက်နေ့မှနယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်ပါတယ်။ မာရ်နတ်ရဲ. သမီး (၃) ယောက် ( တဏှာ ၊အရတီ ၊ရာဂါ ) က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ( မိန်းကလေးတွေ ဘုရားရှင်ကိုတောင် မာယာနဲ့ လှည့်စားချင်သေးတာ ပုထုဇဉ် ပုရိသ တွေကတော့ ဘာပြောကောင်းမလဲ ၊ ဘာမှကိုပြောလို့ မကောင်းပါဘူး ။ ) ဒီ ဆိတ်ကျောင်း ညောင်ပင် မှာပဲ ဟုန်ဟုန်က ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ လို့ မေးလျှောက်ပါတယ်။ ဘုရားရှင် ဒီနေရာမှာပဲ သတ္တဝါတွေကို တရားဟောဖို့ စပြီး စီစဉ်ဆုံးဖြတ်တော်မူပါတယ် ။
(စ) မုစလိန္ဒ သတ္တာဟ ( မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန) ။ ဗောဓိပင် ရဲ. အရှေ. တောင် (၁၅)လံ အကွာ မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်ပါတယ် ။ဒီမှာ ပြောင်းရွေ.သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့ပါတယ်။ ဒီအခါမှာ မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။နဂါးမင်းအား သတ္တဝါတွေကို မငြင်းဆဲဖို့ ဒေါသကို ထိန်းဖို့ ၊ ငါ ဟူသော မာန်မာန ကို ခွာဖို. ဆုံးမတော်မူပါတယ်။
(ဆ) ရာဇာယတန သတ္တာဟ (လင်းလွန်းပင် )။ ။ဗောဓိပင် ရဲ. တောင်ဘက် (၄၀)လံ အကွာ..[ (၁၁)လံ ဟု စာမှာရှိပေမဲ့ ဗုဒ္ဓဂါယာမှာ လက်တွေ့အားဖြင့် (၄၀) လံ ရှိတယ်လို့ ဆိုပါတယ် ] နယုန်လပြည့်ကျော် (၁၃)ရက်မှ ဝါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ဝင်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာ သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့ရသမျှကို သည်းခံတော်မူပါတယ်။
အဲဒီ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်မှာ မြန်မာနိုင်ငံ ၊ ရာမညတိုင်း ၊ ဥက္ကလာ ဇနပုဒ် ၊ပေါက္ကရဝတ္တီ ဇနပုဒ် တို့မှ ကုန်သည်ညီနောင် တဖုဿ၊ဘလ္လိက မှ မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ ( ပြောရရင် များတယ် ။ စိတ်ဝင်စားစရာဖြစ်လို့ သီတဂူဆရာတော် ရဲ့ တဖုဿ၊ဘလ္လိကညီနောင်တရား နာပါလေ ။ ) ဒီကုန်သည်ညီနောင် ကပ်တဲ့ ဆွမ်းကို လက်ခံဖို့ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံပါတယ်။ ( ဒီသပိတ်တော်ကို အခုခေတ်မှာပါ ဖူးရရင် သိပ်ကောင်းမှာပဲနော် ) ။ ကုန်သည်ညီနောင် ကို သံဃာမရှိသေးတဲ့ အတွက်ဒွေဝါစိက သရဏဂုံ (၂)ပါး ပဲ ပေးပါတယ်။ဆံတော် (၈)ဆူ စွန်.တော်မူပါတယ် ။ ဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။
(၁၄) စိမ့်သောငှာ ဗြဟ္မာမင်းတရားဦးဟော က လျှောက်ရသည် ။
( ၇ -သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့ ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက် ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောပါတယ် ။ –
ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊ အာသယာနုသယ ဉာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ ကြည့်တော့ ပထမ မှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ မချိတင်ကဲနဲ့ တစ်လောကလုံး အတ္တတွေကြီး ပါလား လို့ ညည်းတွားတော်မူပါတယ်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ ဗြဟ္မာမင်းကတရားဦးဟော ရန်လျှောက်ရပါတယ်။ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃနိကယ် မှာတော့ ဝိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )
(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။
(၁၆) တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။
(၁၇) ဇေတဝန်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။
( ဂေါတမ ဘုရားရှင် ဇေတဝန်မှာပဲ သီတင်းသုံးများရခြင်းကိုတော့ သီတဂူဆရာတော် စင်္ကာပူ မှာ ဟောခဲ့သော ကဏ္ဍဆုတောင်း တရားအရ ရှင်းပါတယ် ။ ဘုရားရှင်ရှိရာ မြို့၊တိုင်း တွင် သံဃာတော်လည်းများတတ်ရာ ပစ္စည်း(၄)ပါးကောင်းစွာ ထောက်ပံ့နိုင်သော ပြည်သူ၊ မင်း၊သူဌေး လိုပါတယ် ။ ဇေတဝန်ကျောင်းတော်ရှိရာ သာဝတ္ထိမြို့မှာ အနာတပိဏ်၊ဝိသာခါလို ဥပါသကာ ၊ဥပါသိကာ ပေါများတယ် ။ ပြည်သူတွေ ဘာသာတရားလွန်စွာ ကိုင်းရှိုင်းတယ်။ ပိဋကတ်တော်မှာ ရေတွက်ကြည့်တော့ (၁၄) ဝါမြောက် ၊ ( ၂၁ ) ဝါမှ ( ၄၄ ) ဝါ အထိ ဆိုတော့ ( ၂၅ ) ဝါတောင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးပါတယ်။ဇာတိ မြေ ကပိလဝတ်မှ နိဂြောဓာရုံကျောင်းမှာ ( ၁၅) ဝါမြောက်တစ်ဝါ သာ သီတင်းသုံးတော်မူပါတယ်။ )
( ယမိုက် + ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )
(၁၈) သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါတယ် ။
(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောပါတယ် ။
မြတ်စွာဘုရားသည် ပထမဝါကို မိဂဒါဝုန်မှာ ဝါကပ်တော်မူပြီး ဒုတိယဝါ၊ တတိယဝါ၊ စတုတ္ထဝါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဥ္စမဝါကို ဝေသာလီပြည်၊ ဆဋ္ဌဝါကို မကုဠတောင် စသည့် နေရာဌာနများ၌ ဝါကပ်တော်မူသည်။ သတ္တမဝါကို တာဝတိ ံသာနတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။
အကျယ်နည်း
မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တဝါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာအကျယ်နည်း (ဝိတ္ထာရနယ) ကို တာဝတိ ံသာနတ်ပြည်၌ ဟောရခြင်းဖြစ်သည်။
အကျဉ်းနည်း
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမဝန္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူသည်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း (သင်္ခေပနယ) ကို ဟောတော်မူသည်။
မကျဉ်းမကျယ်နည်း
ရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် နည်း (နာတိ၀တ္ထာရ-နာတိသင်္ခေပနယ) ဖြင့် ပြန်လည် ပို့ချတော်မူသည်။
နောက်တနေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့သည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ဝါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင့် လူ့ပြည်-နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့လေသည်။
အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ဝါတွင်း ( ၃ ) လ မှာ –
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ဝိဘင်္ဂ (ဝိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၄။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။
နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာ ဟာလဲ အကြောင်းတစ်ခုလို့ ဆိုပါတယ်။
ဦးဇင်းတွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်… (ယမိုက်ကျမ်း-အရ)
လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ
လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ်
နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ ဦးဇင်းတို့နဲ့ ရေတွက်ပုံ တူရင်ပေါ့ လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။
(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။
(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။
(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါတယ်။
( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )
(၂၃) အကြောင်းရှိမှ ဝိနည်းတရားတို.ကို ပညတ်တော်မူပါတယ် ။
( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ / ဝတ်ချင် မှာ မဟုတ်ဘူးလို့ ဆိုပါတယ် ။ ဒါကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်တာဖြစ်ပါတယ် ။ )
(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။
(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓဝင် ကိုသာဟောတော်မူကြသည်။
(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။
(၂၇) ဒါယကာတို့ ဖိတ်၍ ဝါဆိုတော်မူသော် ၊ ဝါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။
(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။
( ဗုဒၶကိစၥငါးပါး ။ ။
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ မနုမောဒနာပြုခြင်း ကိစ္စ။
၂။ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။
၃။ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။
၄။ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။
၅။ ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် – ပထမတပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာဂရုဏာဖြင့် စတုတ္ထစျာန်သမာပတ်ကို ဝင်စားတော်မူ၍ ထို ဂရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တဝါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။
( သုတ်သီလက္ခန် အဌကထာ – မှ )
(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။
(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။
ကျမ္မာချမ်းသာကြပါစေ အရှင်မုနိန္ဒ(ပန်းထော်)