ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာ
ဗုဒ္ဓဟူသည်
သဗ္ဗညုတဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓ ဟု ဗုဒ္ဓ သုံးမျိုးရှိ၏။အနုဗုဒ္ဓဟူသည် အဂ္ဂသာဝက၊ မဟာသာဝက၊ ပသတိသာဝကတို့ကိုခေါ်သည်။တစ်နည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ စတုသစ္စ ဗုဒ္ဓ၊ သုတဗုဒ္ဓဟု ဗုဒ္ဓလေးမျိုးရှိ၏။ရဟန္တာ အရှင်မြတ်အားလုံးကို စတုသစ္စဗုဒ္ဓ ဟု ခေါ်သည်။ ပရိယတ္တိ၊ ပဋိပတ္တိ ဗဟုသုတရှိသူ၊သုတမယဉာဏ်ဖြင့် သိထိုက်သော ခန္ဓာအစရှိသော တရားတို့ကို သိသောသူကို သုတဗုဒ္ဓဟုခေါ်သည်။ ဗုဒ္ဓဟူသော ပါဠိ ဘုရား၊ ပညာရှိသုခမိန်၊အသိဉာဏ်ဟု အနက်သုံးမျိုးထွက်သည်။ ဘုရားရှင်သည် သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင်သိတော်မူသောကြောင့် ဗုဒ္ဓဟု အမည်တွင်သည်။ တနည်း ဝေနေယသတ္တဝါတို့ကို သစ္စာလေးပါးသိမြင်အောင် ဟောပြောပြသတော်မူသောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း တစ်ကြောင်းတည်းသော နိဗ္ဗာန်ခရီးသို့ ကြွသွားတော်မူတတ်သောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း အိပ်သောယောကျာ်း နိုးသောလားသို့ ကိလေသာ တွေနှင့် အိပ်ပျော် နေရာမှ နိုးကြားလာသောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။ တစ်နည်း ဝဋ်မြစ်နှစ်ပါးကို ထုတ်ဆောင်နှုတ်ပယ်တတ်သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။ တစ်နည်း ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး နှစ်မျိုးလုံးကို ထတ်ဆောင်ဖော်ပြတော်မူ သောကြောင့် ဗုဒ္ဓ အမည်ရတော်မူသည်။
ဗုဒ္ဓဘာသာဟူသည်
ဗုဒ္ဓက ဘုရား၊ ဘာသာက စကား၊ ဗုဒ္ဓဘာသာဟူသည် မုချအားဖြင့် ဘုရားစကားတော်ဖြစ်သည်။ ဘုရားစကားတော်က ပိဋကတ်သုံးပုံ၊ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဖြစ်သည်။ တစ်နည်း ဘုရားစကားတော်က မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား ဟူသော သုံးခွန်းသာ ဖြစ်သည်။ ထိုဘုရားစကားတော်တို့ကို ယုံကြည်လေးစား၊ လိုက်နာ ကျင့်ဆောင်သော ဗုဒ္ဓဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဟုခေါ်ကြသည်။
ဗုဒ္ဓဘာသာနှစ်မျိုး(ထေရဝါဒ၊ မဟာယာန)
ဗုဒ္ဓဘာသာသည် အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိသည်။ ထေရဝါဒ နှင့် မဟာယာနဟူ၍ ဖြစ်သည်။ ထေရဝါဒက ဘုရားဟောပိဋကတ်ကို မွမ်းမံပြင်ဆင်မှု့မရှိဘဲ လိုတိုးပိုလျှော့မလုပ်ဘဲ ဘုရားဟော မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်လက်ခံကျင့်သုံးသည်။ မဟာယာနက ဘုရားဟော ပိဋကတ် ကို ခောတ်အခါနှင့်လျော်ညီအောင်သူ့အရပ်နှင့် သူ့ဇာတ် လိုက်ဖက်အောင် ပြင်ဆင် ဖြည့်စွက် လိုတိုးပိုလျှော့လုပ်ကာ ကျင့်သုံးသည်။ ထေရဝါဒပိဋကတ်က ဘုရားဟောမူရင်း အော်ရီဂျင်နယ် စစ်စစ်ဖြစ်သည်။ မဟာယနပိဋကတ်က ဖြတ်ညှပ်ဆက် လုပ်ထားသည်။ ထေရဝါဒက နိရောဓချုပ်ငြိမ်းရာကို ဦးတည်သည်။ မဟာယနက ဖြစ်ခြင်း၊ စည်ပင်တိုးပွားခြင်း ကိုဦးတည်သည်။ ထေရဝါဒနိဗ္ဗာန်က အဝေဒ ယိတသုခ-ခံစားမှု့မဲ့ချမ်းသာ ဖြစ်သည်။ မဟာယန၏နိဗ္ဗန်က ဝေဒယိတသုခ-ခံစားမှု့ ချမ်းသာဖြစ်သည်။
ထေရဝါဒ ဗုဒ္ဓဘာသာလေးမျိုး
မိမိတို့ဗုဒ္ဓဘာသာကို ခွဲမည်ဆိုလျှင်လေးမျိုးခွဲနှိုင်သည်။ မူကြိုဗုဒ္ဓဘာသာ၊မူလတန်း ဗုဒ္ဓဘာသာ၊ အလယ်တန်းဗုဒ္ဓဘာသာနှင့် အထက်တန်းဗုဒ္ဓဘာသာဟူ၍ ဖြစ်ည်။
မူကြိုဗုဒ္ဓဘာသာ
မိရိုးဖလာဗုဒ္ဓဘာသာ၊ သဒ္ဓါဗုဒ္ဓဘာသာ၊ယုံကြည်မှု့ကိုကွယ်မှု့တွေရောနေသော အုတ်အရောရော၊ ကျောက်အရောရော ဗုဒ္ဓဘာသာဝင်များသည် မူကြိုဗုဒ္ဓဘာသာများ ဖြစ်သည်။ ဂါထာတွေ၊ မန္တာန်တွေ၊ ယတြာတွေ၊ ဓာတ်တွေ၊ နတ်တွေ၊ ဘိုးတော်မယ်တော်တွေ၊ ရောနှောနေသော ဗုဒ္ဓဘာသာသည် မူကြိုဗုဒ္ဓဘာသာ ဖြစ်သည်။ မူကြိုဗုဒ္ဓဘာသာသည် လေယူရာယိမ်းတတ်သည်။ သူတို့အသိအမြင်ကမှုန်ဝါးဝါး၊ ဝေဝါးဝါးသညဖြစ်သည်။ အာဟာရချို့တဲ့သောကလေးကဲ့သို့ ဗုဒ္ဓဘာသာ အသိအမြင်အာဟာရချို့တဲ့နေသူများဖြစ်ကြသည်။
မူလတန်းဗုဒ္ဓဘာသာ
မူလတန်းဗုဒ္ဓဘာသာသည် ကိုးကွယ်ရာသုံးမျိုး၊ ယုံကြည်ရာခြောက်မျိုး၊ အားကိုးရာ လေးမျိုး၊ လုပ်ဆောင်စရာကျင့်ဝတ်သုံးမျိုး ရှိသည်။ကိုးကွယ်ရာသုံးမျိုးကား ဘုရား၊ တရား၊ သံဃာ ဖြစ်သည်။ ဘုရားတရားသံဃာမှတပါး အခြားကိုးကွယ်လျှင် သရဏဂုံညှိုးနွမ်းသည်။ သရဏဂုံညစ်နွမ်းသည်။ ရတနာသုံးပါးထက် အခြားတဖက်ကို အားသာသွားလျှင် သရဏဂုံပျက်သည်။ မူလတန်းဗုဒ္ဓဘာသာတို့ယုံကြည်ရမည့် ခြောက်မျိုးကား ဘုရား၊ တရား၊ သံဃာ၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံ၊ ကုသိုလ်ကံ၏ကောင်းကျိုး၊ အကုသိုလ်ကံ၏ဆိုးကျိုး၊ ရှေ့ဘဝ နောက်ဘဝ သံသရာဖြစ်သည်။ ထိုခြောက်မျိုးမှတပါး မခြားယုံကြည်ဖွယ်ရာမရှိ၊ဗေဒင်လဲ သူ့ဟာနဲ့သူ မှန်ချင်မှန်မည်၊ ယတြာလဲ သူ့ဟာနှင့်သူ မှန်ချင်မှန်မည်။ ယုံချင်လျှင်ယုံလို့ရပါသည်။ သို့သော် ကံ ကံ၏အကျိုးနှင့်တော့ မရောလေနှင့်၊လောကီသားသည် လောကီကိစ္စနှင့် ကင်းနိုင် မည်မဟုတ်၊ လောကီသားသည်လောကီကိစ္စကိုအလေးထားသဖြင့် လောကီကိစ္စကိုသာ စိတ်ဝင်စားသည်။ ထို့ကြောင့်လောကီကိစ္စတွေကို လုံးဝမပြစ်ပယ်လို။ သို့သော်ဘာသာရေးနှင့်တော့ မရောလေနှင့်။ အထွတ်အမြတ်ကတော့ ရတနာသုံးပါးရှိသည်။ ရတနာသုံးပါးကိုတော့ ဘယ်အရာကမှကျော်လို့မရ၊ ဘယ်သူမှကျော်လို့မရ။ မူလတန်းဗုဒ္ဓဘာသာမှာ အားကိုးစရာလေးမျိုးရှိသည်။ ထိုလေးမျိုးက ကံ၊ ဉာဏ်၊ ဝီရိယ၊ ပယောဂတို့ဖြစ်သည်။ ဘုရားဟောသည့် အတ္တာဟိ အတ္တာနော နာထော- မိမိသည်သာ ကိုးကွယ်ရာဆိုတာ ဒါပဲဖြစ်သည်။ထိုလေးမျိုးသည်သာ မိမိ၏ အားကိုးရာ အစစ်ဖြစ်သည်။ ကံကောင်းရမည်၊ဉာဏ်ကောင်းရမည်၊ဝီရိယကောင်းရမည်၊ ပယောဂဟူသည် မိမိ၏ လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ဆိုသည့်အရည်အချင်းဖြစ်သည်။ ခေတ်ပညာတွေ တတ်ထားခြင်းသည် ပယောဂကောင်းဖို့အထောက်အကူဖြစ်သည်။ ပညာအဆင့်မြင့်သလောက် ပယောဂလည်း အဆင့်မြင့်သည်၊ဆိုက်ကားနင်း၊ကားမောင်း၊ဈေးရောင်းကစပြီး မိမိတတ်ကျွမ်း သလောက် မိမိပယောဂကောင်းသည်။ ကံက အတိတ်ကံနှင့်လက်ရှိပစ္စုပ္ပန်ကံ နှစ်မျိုးရှိသည်။ ပစ္စုပ္ပန်ကံဆိုတာ အလုပ်ပင်ဖြစ်သည်။ ပယောဂဆိုသည့် ပညာကောင်းကောင်းတတ်ထားလေ အလုပ်ကောင်းလေဖြစ်သည်။ အလုပ် ကောင်းလေ ကံကောင်းလေဖြစ်သည်။ အလုပ်ကလည်းကောင်းရမည်။ ကိုယ်လုပ်သည့် အလုပ် ကိုလည်း အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးစိတ်စေတနာနှင့်လုပ်ရမည်။ အကောင်းဆုံး အစွမ်းအစကို ထုတ်ဖော်အသုံးပြုလုပ်ကိုင်ရမည်။ အလုပ်ကံကိုထားလိုက်တော့၊ ပစ္စုပ္ပန်ကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ရမည်။ ဉာဏ်ကောင်းဖို့အတွက် ပညာဗဟုသုတလိုသည်။ပညာဗဟုသုတလေ့လာလိုက်စားရမည်။ သိချင်စိတ်တတ်ချင်စိတ်ရှိရမည်။ သိအောင်တတ်အောင် ဆည်းပူးအားထုတ်ရမည်၊များများ မေးရမည်၊ အမေးအမြန်းထူရမည်။ စာများများဖတ်ရမည်၊ စာဆိုလျှင်တွေ့သမျှစာ အကုန်ဖတ် သင့်သည်၊ ဉာဏ်ဆိုတာ တကယ်ဓမ္မသဘောဆောင်သည့် ဉာဏ်မဟုတ်၊ လောကီရေးရာ နှံ့နှံ့စပ်စပ် သိသော ဉာဏ်ကိုသာဆိုလိုသည်။ ခေတ်ပြောပြောရလျှင် ခေါင်းကောင်းရမည်၊ဦးနှောက် ကောင်းရမည်။ ထို့အတွက် စာပေဗဟုသုတ လေ့လာလိုက်စားရမည်။ မူလတန်းဗုဒ္ဓဘာသာမှာ ကျင့်စဉ်သုံးမျိုးသာရှိသည်။ ဒါနပြုရမည်၊ ဥပုသ်သီတင်းဆောက် တည်ရမည်၊ တရားဘာဝနာ အားထုတ်ရမည်။ ဒါနပြုတာကလောဘနည်းဖို့၊မေတ္တာအားကောင်းဖို့၊ ဥပုသ်သီတင်းဆောက်တည်တာက ဒေါသနည်းဖို့၊ကရုဏာအားကောင်းဖို့၊ ဘာဝနာအလုပ် အားထုတ်တာက မောဟနည်းဖို့၊ပညာအားကောင်းဖို့၊ ခြုံလိုက်လျှင်တော့ ဒါနသီလဘာဝနာ သုံးခုလုံးက လောဘဒေါသမောဟတွေ နည်းပါးဖို့၊ခေါင်းပါးဖ့ို ၊ ကုန်ခမ်းဖို့သာဖြစ်သည်။ ဒါနပြုပါရဲ ၊သီလစောင့်ပါရဲ့၊ဘာဝနာပွားပါရဲ့၊ထိုဒါနသီလဘာဝနာတွေက လောဘဒေါသ မောဟ ပွားကြောင်းတွေဖြစ်နေလျှင် ထိုကျင့်စဉ်ကရောနေပြီ၊ ထိုကျင့်စဉ်က ရှုပ်နေပြီ၊ ဘာသာရေး မှိုင်းတိုက်တယ်ဆိုတာ ထိုကျင့်စဉ်တွေဖြစ်သည်။ ဘယ်ဘုရားဆုတောင်းပြည့်သည်၊ဘယ်ဘုရား အိမ်ပင့်လျှင် လာဘ်ပွင့်သည်၊ ဘယ်ဘုရား ဘယ်လိုအဓိဌာန်ဝင်လျှင် ဘာတွေ အဆင်ပြေမည်၊ ဘယ်အဓိဌာန်ပုတီး ဘယ်လိုစိပ်လျှင် ဘာတွေကောင်းသည်၊ ထီပေါက်မည်၊ လာဘ်ဝင်မည်၊ ရာထူးတက်မည်၊ ဈေးရောင်းကောင်းမည်၊ အိမ်ရောင်းထွက်မည်၊ အကြွေးကြေမည်၊ အကြွေး ပြန်တောင်းရမည်၊ စသည်ဖြင့် မက်လုံးတွေ ပါလာလျှင် ဘာသာရေးက လမ်းချော်သွားပြီ၊ အုတ်ရောရော၊ကျောက်ရောရောဖြစ်သွားပြီ၊ ထိုတောင်ကို မကျော်နိုင်လျှင် မူကြိုကမတက်သေး။
အလယ်တန်းဗုဒ္ဓဘာသာ
မူလတန်းဗုဒ္ဓဘာသာက ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံရသည်၊ ကံသာ ကိုယ်ပိုင်ဥစ္စာဖြစ်သည် ဟု ကံကိုသာ အဓိကထားလက်ခံယုံကြည်ရသည်။ အလယ်တန်း ဗုဒ္ဓဘာသာက ဝိပဿနာ သမ္မာဒိဋ္ဌိနှင့်ပြည့်စုံရသည်။ တရားထိုင်ရမည်၊တရားမှတ်ရမည်၊ ရုပ်သဘော၊ နာမ်သဘော၊ အနိစ္စ ဒုက္ခ အနတ္တသဘောတို့ကို သိမြင်နိုင်သောဉာဏ်ရရှိအောင် ပွားများအားထုတ်ရမည်။
အထက်တန်းဗုဒ္ဓဘာသာ
အထက်တန်းဗုဒ္ဓဘာသာဟူသည် မဂ္ဂသမ္မာဒိဋ္ဌိနှင့်ပြည့်စုံလို့ သစ္စာလေးပါးကို သိမြင်သော အရိယာ ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဝိပဿနာတရားကို ကြိုးစားအားထုတ်လို့ဝိပဿနာဉာဏ်တွေ ပြည့်စုံသောအခါ မဂ်ဉာဏ်သို့ကူးသွားသည်။မဂ်ဉာဏ်ကိုရသောအခါ သစ္စာလေးပါးကို မြင်တော့သည်။ ထိုအခါဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်တော့သည်။