ဓူတင် (၁၃) ပါး
ဓူတင် ၁၃ ပါးလုံးနှင့် သက်ဆိုင်သော “ဓူတင်” ပုဒ်၏ အနက်အဓိပ္ပါယ်မှာ
(၁) အလုံးစုံကုန်သော ပံ့သကူဓူတင် စသည်တို့သည် ထိုထိုဓူတင် စသည်တို့ကို ဆောက်တည်ခြင်းဖြင့် ခါထုတ်ဖျက်ဆီးအပ်ပြီးသော ကိလေသာရှိသည်၏ အဖြစ်ကြောင့် တဏှာစသော ကိလေသာတို့ကို ခါထုတ်ပြီးသူ ဓူတအမည်ရသော ရဟန်း၏ အကြောင်းအင်္ဂါတို့ ဖြစ်ခြင်းကြောင့် ဓူတင်္ဂ မည်ကုန်၏။
(၂) တစ်နည်း – ကိလေသာကို ခါထုတ်ဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့် ဓူတဟုရအပ်သော အမည်ရှိသော ဉာဏ်သည် ဓူတင်ဆောက်တည်ခြင်း စသည်တို့၏ ရှေ့သွားဖြစ်သော အကြောင်းအင်္ဂါတို့ ဖြစ်ခြင်းကြောင့် ဓူတင်္ဂ မည်ကုန်၏။
(၃) တစ်နည်း – ထိုပံ့သကူဓူတင် ဆောက်တည်ခြင်း စသည်တို့သည် ဆန့်ကျင်ဘက် ကိလေသာတို့ကို ခါထုတ် ဖျက်ဆီးတတ်သည်၏ အဖြစ်ကြောင့် ဓူတလည်း မည်ကုန်၏။ သီလစသော သမ္မာပဋိပတ်၏ အကြောင်းတို့လည်း ဖြစ်ကုန်၏။ ထို့ကြောင့်လည်း ဓူတင်္ဂ မည်ကုန်၏။
ဓူတင်ကျင့်ထိုက်သူ (၁၀)ယောက်
ဓူတင်အကျင့်ကား အကျိုးကြီးကျယ် မြင့်မြတ်လှသည်၊ အကျိုး ကြီးကျယ် မြင့်မြတ်သည်နှင့်အမျှ သာမန်ပုဂ္ဂိုလ်တိုင်း ကျင့်ဆောင်ထိုက်သည် မဟုတ်ပေ၊ ကျင့်ဆောင်နိုင်သည် မဟုတ်ပေ။ ဓူတင်ကျင့်ထိုက်သူတို့ကား –
၁။ ယုံကြည်မှု သဒ္ဓါရှိသူ
၂။ မကောင်းမှုမှ ရှက်တတ်သူ
၃။တည်ကြည်မှု သမာဓိရှိသူ
၄။ အံဖွယ်ကို မပြုတတ်သူ
၅။ အကျိုးကို ထုံလေ့ရှိသူ
၆။ မလျှပ်ပေါ်သူ
၇။ အကျင့် သိက္ခာကို လိုလားသူ
၈။ မြဲစွာ ဆောက်တည်မှု ရှိသူ
၉။ ကဲ့ရဲ့တတ်ခြင်းသဘော မရှိသူ
၁၀။ မေတ္တာပွား၍ နေလေ့ရှိသူအားဖြင့် တစ်ကျိပ် ရှိ၏။ ဤတစ်ကျိပ်သော ပုဂ္ဂိုလ်တို့သည် ဓူတင်အကျင့်ကို ကျင့်ထိုက်သူများ ဖြစ်ကုန်၏။
ဓူတင် ၁၃ ပါးတို့၏အနက်အဓိပ္ပါယ်အကျဥ်း
၁။ ပံသကူ ဓူတင်
က။ လမ်းမ၊ သုသာန်၊ အမှိုက်ပုံတို့၌ မြေမှုံ့ပုံဝယ် မြင့်တက်နေသော အဝတ်သင်္ကန်းသည် ပံသုကူလ မည်၏။ တနည်းကား- သာသာန် အစရှိသော တည်ရာ၌ မြေမှုန့်ကဲ့သို့ စက်ဆုပ်ဖွယ် အဖြစ်သို့ ရောက်သော အဝတ် သင်္ကန်းသည် ပံသုကူလ မည်၏။
ခ။ ထိုသို့သော ပံသကူ သင်္ကန်းကို ဝတ်ရုံခြင်း၊ ဆောင်ခြင်းသည် ပံသုကူလ မည်၏။
ဂ။ ထိုပံ့သကူသင်္ကန်းကို ဆောင်ခြင်းအလေ့ရှိသော ရဟန်းသည် ပံသုကူလိက မည်၏။
ဃ။ ထိုပံ့သကူသင်္ကန်းကို ဆောင်လေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်းအင်္ဂါ သမာဒါနစေတနာသည် ပံသုကူ လိကင်္ဂ= ပံ့သကူဓူတင်မည်၏။
၂။ တိစီဝရိက်ဓူတင်
က။ ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီး၊ ကိုယ်ရုံဧကသီ၊ ခါးဝတ်သင်းပိုင် ဤသုံးထည်သော သင်္ကန်းသည် တေစီဝရ မည်၏။
ခ။ ထိုသင်္ကန်းသုံးထည်ကို ဆောင်ခြင်းသည် တေစီဝရ မည်၏။
ဂ။ ထိုသင်္ကန်းသုံးထည်ကို ဆောင်လေ့ရှိသော ရဟန်းသည် တေစီဝရကမည်၏။
ဃ။ ထိုသင်္ကန်းသုံးထည်ကို ဆောင်လေ့ရှိသောသူ၏ဖြစ်ကြောင်း အင်္ဂါသမာဒါန စေတနာသည် တေစီဝရိကင်္ဂ = တိစီဝရိက်ဓူတင် မည်၏။
၃။ ပိဏ္ဍပါတ်ဓူတင်
(က) ဆွမ်းစသော အာမိသအပေါင်းသည် သပိတ်၌ ကျသောကြောင့် ပိဏ္ဍပါတ မည်၏။
(ခ) ထိုတစ်လုပ် တစ်ခဲဆွမ်းတို့၏ ကျခြင်းကို ထိုထိုအိမ်သို့ ကပ်လျှက်ရှာမှီးတတ်သောကြောင့် ပိဏ္ဍပါတိက မည်၏။ တနည်းကား ဆွမ်းအလို့ငှါ လှည့်လည်ရန် ကျင့်ဝတ်ရှိသောကြောင့် ပိဏ္ဍပါတီ(ပိဏ္ဍပါတိက) မည်၏။
(ဂ) ထိုဆွမ်းခံခြင်း အလေ့ရှိသူ၏ ဖြစ်ကြောင်းအင်္ဂါ သမာဒါနစေတနာသည် ပိဏ္ဍပါတိကင်္ဂ = ပိဏ္ဍပါတ်ဓူတင် မည်၏။
(၄) သပဒါနစာရိကဓူတင်
(က) ဆွမ်းခံရာ အစဥ်ဖြတ်ခြင်းသည် ဒါနမည်၏။
(ခ) အိမ်စဥ်ဖြတ်ခြင်းမှ ကင်းခြင်းသည် အပဒါနမည်၏။
(ဂ) အိမ်စဥ်ကို မကျော်မဖြတ် ဆွမ်းခံကြွလေ့ရှိသော ရဟန်းသည် သပဒါနစာရီ (သပဒါနစာရိက) မည်၏။
(ဃ) အိမ်စဥ်ကို မကျော်မဖြတ် ဆွမ်းခံလေ့ရှိသောသူ၏ ဖြစ်ကြောင်းအင်္ဂါ သမာဒါနစေတနာသည် သပဒါန စာရိကင်္ဂ = သပဒါန စာရိကဓူတင် မည်၏။
(၅) ဧကာသနိကဓူတင်
(က) ဣရိယာပုတ် တစ်ပါးပြောင်းလဲခြင်းမရှိ တထိုင်တည်းစားခြင်းသည် ဧကာသန မည်၏။
(ခ) ထိုသို့ တထိုင်တည်း စားလေ့ရှိသော ရဟန်းသည် ဧကာသနိက မည်၏။
(ဂ) ထိုတထိုင်တည်း စားလေ့ရှိသောသူ၏ ဖြစ်ကြောင်းအင်္ဂါ သမာဒါနစေတနာသည် ဧကာသနိကင်္ဂ = ဧကာသနိက်ဓူတင် မည်၏။
၆။ ပတ္တပိုဏ်ဓူတင်
(က) တစ်ခုတည်းသော ခွက်၌ရှိသော ဆွမ်းသည် ပတ္တပိဏ္ဍ မည်၏။
(ခ) တစ်ခုတည်းသော ခွက်၌ရှိသော ဆွမ်းကို စားလေ့ရှိသောသူသည် ပတ္တင်္ဂယမည်၏။
(ဂ) တစ်ခုတည်းသော ခွက်၌ရှိသော ဆွမ်းကို စားလေ့ရှိသောသူ၏ ဖြစ်ကြောင်း အင်္ဂါ သမာဒါန စေတနာသည် ပတ္တပိဏ္ဍ ကင်္ဂ = ပတ္တပိုဏ်ဓူတင် မည်၏။
၇။ ခလုပစ္ဆာဘတ္တိကဓူတင်
(က) ဆွမ်းစားနေစဥ် တန်ပြီဟု မြစ်ပယ်ပြီးမှ ရသောဆွမ်းသည် ပစ္ဆာဘတ္တ မည်၏။
(ခ) ထိုဆွမ်းကို စားလေ့ရှိသောရဟန်းသည် ပစ္ဆာဘတ္တိက မည်၏။
(ဂ) ထိုဆွမ်းကို စားလေ့ရှိသော ရဟန်းသည် ခလုပစ္ဆာဘတ္တိက မည်၏။ တစ်နည်း ခလုမည်သော ငှက်သည် နှုတ်သီးဖြင့် သစ်သီးကိုယူ၍ ထိုသစ်သီး လွတ်ကျသွားခဲ့သော် နောက်ထပ် မည်သည့် သစ်သီးကိုမျှ မစားပေ။ ထို့အတူ ရဟန်းသည်လည်း ဆွမ်းစားစဥ် တော်ပြီတန်ပြီဟု တားမြစ်မိခဲ့သော် နောက်ထပ် မည်သည့်ဆွမ်းဘောဇဥ်ကိုမျှ မစား၊ ခလုငှက်နှင့် တူသောကြောင့် ခလုပစ္ဆာဘတ္တိက မည်၏။
(ဃ) ခလုငှက် ဥပမာ တော်ပြီတန်ပြီဟု မြစ်ပယ်ပြီးနောက် မည်သည့် ဆွမ်းဘောဇဥ်မျှ စားလေ့မရှိသော ရဟန်း၏ ဖြစ်ကြောင်း အင်္ဂါ သမာဒါန စေတနာသည် ခလုပစ္ဆာဘတ္တိကင်္ဂ = ခလုပစ္ဆာဘတ္တိကင်္ဂဓူတင် မည်၏။
(၈) အာရညကင်ဓူတင်
(က) ရွာမှ ကုလလေးတာ အပြန်ငါးရာ ကွာဝေးသော တော၌နေလေ့ရှိသော ရဟန်းသည် အာရာညိက မည်၏။
(ခ) ထို ကုလလေးတာ အပြန်ငါးရာ ကွာဝေးသော တော၌နေလေ့ရှိသော ရဟန်းသည်၏ အင်္ဂါ သမာဒါန စေတနာသည် အာရာညိကင်္ဂ = အာရာညကင်ဓူတင် မည်၏။
(၉) ရုက္ခမူဓူတင်
(က) သစ်ပင်ရင်း သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်းသည် ရုက္ခမူလိက မည်၏။
(ခ) ထိုသစ်ပင်ရင်း သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း အင်္ဂါ သမာဒါန စေတနာသည် ရုက္ခမူလိကင်္ဂ = ရုက္ခမူဓူတင် မည်၏။
(၁၀) အဗ္ဘောကာသိကဓူတင်
(က) ဟင်းလင်းအပြင် လွင်တီးခေါင်၌ နေလေ့ရှိသော ရဟန်းသည် အဗ္ဘောကာသိက မည်၏။
(ခ) ထိုဟင်းလင်းအပြင် လွင်တီးခေါင်၌ နေလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း အင်္ဂါ သမာဒါန စေတနာသည် အဗ္ဘောကာသိကင်္ဂ = အဗ္ဘောကာသိကဓူတင် မည်၏။
(၁၁) သုသာန်ဓူတင်
(က) လူသေကောင်ကို မြှုပ်နှံသင်ဂြိုဟ်ရာ သုသာန်အရပ်၌ နေလေ့ရှိသောရဟန်းသည် သောသာနိက မည်၏။
(ခ) ထိုသုသာန်အရပ်၌ နေလေ့ရှိသော ရဟန်း၏ဖြစ်ကြောင်း အင်္ဂါ သမာဒါန စေတနာသည် သောသာနိကင်္ဂ = သုသာန်ဓူတင် မည်၏။
၁၂။ ယထာသန္တတိဓူတင်
(က) သင့်အား ဤနေရာ ရောက်၏၊ ရ၏ဟု ရှေးဦးစွာ ညွှန်းချအပ်သော ကျောင်းသည် ယထာသန္ထတိ မည်၏။
(ခ) ထိုညွှန်းချအပ်သော ကျောင်း၌ ကြမ်းပိုးပေါများသည်၊ အနံအသက် ဆိုးရွားသည် စသည်ဖြင့် မပယ်မူ၍ နေလေ့ရှိသောရဟန်းသည် ယထာသန္ထတိက မည်၏။
(ဂ) ထိုရှေးဦးစွာ ညွှန်းချအပ်သော ကျောင်း၌ နေလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း အင်္ဂါ သမာဒါန စေတနာသည် ယထာသန္ထတိကင်္ဂ = ယထာသန္ထတိဓူတင် မည်၏။
၁၃။ နေသဇ္ဇိကဓူတင်
(က) လျောင်းစက်အိပ်ခြင်းကို ပယ်၍ ထိုင်နေခြင်းဖြင့် နေလေ့ရှိသော ရဟန်းသည် နေသဇ္ဇိ မည်၏။
(ခ) ထိုလျောင်းစက် အိပ်ခြင်းကို ပယ်၍ ထိုင်နေခြင်း အလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း အင်္ဂါ သမာဒါန စေတနာသည် နေသဇ္ဇိကင်္ဂ = နေသဇ္ဇိကဓူတင် မည်၏။
ရပ်နေခြင်း၊ သွားနေခြင်းဖြင့် နေသဇ္ဇိကဓူတင် မပျက်ပါ။
လူပုဂ္ဂိုလ်ဓူတင်
သုံးဆောင်ခြင်းငှါ လွယ်ကူသော လူပုဂ္ဂိုလ်ဓူတင်
ဥပါသကာ ဥပါသကာမတို့အား ဧကာသနိက်၊ ပတ္တပိုဏ်အားဖြင့် ဤဓူတင်နှစ်ပါးတို့သည် လျှောက်ပတ်ကုန်၏။
ဓူတင်အကျင့်မြတ် ၁၃ ပါး၊ စံပြနိဿရည်း ၃၉ ပါး
၁။ ပံသကူဓူတင်ကို ဥက္ကဋ္ဌ ဆောက်တည်လျှင် သုသာန်မှရသော အဝတ်ကို ဝတ်ရုံသုံးဆောင််အပ်၏။
၂။ ပံ့သကူဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် လမ်း၌ စွန့်ထားသော အဝတ်ကို တိဝတ်ရုံသုံးဆောင်အပ်၏။
၃။ ပံသကူဓူတင်ကို မုဒုဆောက်တည်လျှင် ခြေရင်း၌ စွန်းထားသော အဝတ်ကို ဝတ်ရုံသုံးဆောင်အပ်၏။
၄။ တိစိဝရိတ်ဓုတင်ကို ဥက္ကဋ္ဌ ဆောက်တည်လျှင် သုံးထည်သော အဝတ်ကိုသာ သုံးဆောင်အပ်၏။
၅။ တိစိဝရိတ်ဓုတင်ကို မဇ္ဈုံဆောက်တည်လျှင် သင်္ကန်းဆိုးစဥ်၌ သင်္ကန်းဆိုးရုံထဲရှိ အဝတ်ကို လဲလှယ်၍ ဝတ်အပ်၏။
၆။တိစိဝရိတ်ဓူတင်ကို မုဒုဆောက်တည်လျှင် သင်္ကန်းဆိုးစဥ် အခြားသင်္ကန်းကို ယူ၍ ဝတ်ရုံသုံးဆောင်အပ်၏။
၇။ ပိဏ္ဍပါတ်ဓူတင်ကို ဥက္ကဋ္ဌ ဆောက်တည်လျှင် ကျောင်း၌နေ၍ တစ်နေ့မျှနေ၍ ဆွမ်းကိုအလှူခံယူ၍ မသုံးဆောင်ရ။
၈။ ပိဏ္ဍပါတ်ဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် ကျောင်း၌ တနေ့မျှနေ၍ ဆွမ်းကိုလည်း သုံးဆောင်ခံယူအပ်၏။
၉။ ပိဏ္ဍပါတ်ဓူတင်ကို မုဒုဆောက်တည်လျှင် နှစ်ရက်ဆက်၍ ကျောင်း၌ ဆွမ်းကို ခံယူသုံးဆောင်နိုင်၏။
၁၀။ သ,ပဒါနဓူတင်ကို ဥက္ကဋ္ဌဆောကိတည်လျှင် အိမ်ဝ၌ရပ်၍ ဆွမ်းကို ခံယူသုံးဆောင်အပ်၏။
၁၁။ သ,ပဒါနဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် ပို့ဆွမ်းကို တစ်နေ့မျှ လက်မခံရ။
၁၂။ သ,ပဒါနဓူတင်ကို မုဒုဆောက်တည်လျှင် တစ်နေ့မျှနေ၍ ကျောင်း၌ ဆွမ်းကို ခံယူသုံးဆောင်နိုင်၏။
၁၃။ ဧကာသနိက်ဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် ပထမကိုင်မိသည့် ခွက်ကိုသာ ဘုဥ်းပေးသုံးဆောင်အပ်၏။
၁၄။ ဧကာသနိက်ဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် ဆွမ်းမကုန်ခင် စားပွဲခုံပေါ်ရှိ ဘောဇဥ်များကို ယူ၍စားနိုင်၏။
၁၅။ ဧကာသနိက်ဓူတင်ကို မုဒုဆောက်တည်လျှင် ထိုင်ရာမှ မထမချင်း စားပွဲခုံပေါ်ရှိ ဘောဇဥ်များကို ယူ၍ ဘုဥ်းပေးသုံးဆောင်နိုင်၏။
၁၆။ ပတ္တပိုဏ်ဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် မစားခင်တည်းက ခဲဖွယ်ဘောဇဥ်ကို အလျော်ဖြစ်အောင် စီမံထားအပ်၏။
၁၇။ ပတ္တပိုဏ်ဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် ခဲဖွယ်ဘောဇဥ်ကို လက်ဖြင့်ဖဲ့၍ သုံးဆောင်နိုင်၏။
၁၈။ ပတ္တပိုက်ဓူတင်ကို မုဒုဆောက်တည်လျှင် လက်ဖြင့်၎င်း၊ သွားဖြင့်၎င်း ဖဲ့၍ ခွဲ၍ ဘုဥ်းပေးသုံးဆောင်နိုင်၏။
၁၉။ ခလုပစ္ဆာဘတ္တိကဓူတင်ကို ဥက္ကဋ္ဌ ဆောက်တည်လျှင် တော်ပြီဆိုပါက ခံတွင်းရှိသမျှသာ ဘုဥ်းပေးသုံးဆောင် အပ်၏။
၂၀။ ခလုပစ္ဆာဘတ္တိကဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် တော်ပြီဆိုပါက ခွက်ထဲ၌ရှိသမျှသာ ဘုဥ်းပေးသုံးဆောင်နိုင်၏။
၂၁။ ခလုပစ္ဆာဘတ္တိကဓူတင်ကို မုဒုဆောက်တည်လျှင် ထိုင်ရာမှ မထမချင်း ထပ်ထည့်တိုင်းသော ဘောဇဥ်ကို ဘုဥ်းပေးသုံးဆောင်အပ်၏။
၂၂။ အာရညကင်ဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် ဥတုသုးပါးလုံး တော၌ အရုဏ်တက်အပ်၏။
၂၃။ အာရညကင်ဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် မိုးလေးလကို ရွာတွင်း၌ သီတင်းသုံးနိုင်၏။
၂၄။ အာရညကင်ဓူတင်ကို မုဒုဆောက်တည်လျှင် တစ်ဥတုပြည့်အောင် တော၌နေနိုင်၏။
၂၅။ ရုက္ခမူဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် သစ်ပင်အောက်၌ အမှိုက်သရိုက်ခြုံထည်တို့ကို မရှင်းပဲနေရမည်။
၂၆။ ရုက္ခမူဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် အနီး၌ရောက်လာသောသူကို ရှင်းလင်းခိုင်း၍ နေအပ်၏။
၂၇။ ရုက္ခမူဓူတင်ကို မုဒုဆောက်တည်လျှင် သီးသန့်ခေါ်ယူ၍ နေအပ်၏။
၂၈။ အဗ္ဘောကာသိကဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် လွင်တီးခေါင်၌ အဝတ်မိုး၍ နေအပ်၏။
၂၉။ အဗ္ဘောကာသိကဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် သပိတ်ပရိက္ခရာကို ကျောင်း၌သိုမှီး၍ လွင်တီး၌နေအပ်၏။
၃၀။ အဗ္ဘောကာသိကဓူတင်ကို မုဒုဆောက်တည်လျှင် နေပြောက်ထိုးသော တဲကျောင်းစုတ်၌ နေအပ်၏။
၃၁။ သာသာန်ဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် မီးသင်္ဂြိုဟ်ခြင်း၊ အပပ်နံ့နံခြင်း၊ ငိုသံကြားခြင်း အင်္ဂါသုံးမျိုးနေ့စဥ်ရှိသော သုသာန်၌နေအပ်၏။
၃၂။ သုသာန်ဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် ၎င်းတမျိုးမျိုးရှိသော သုသာန်၌ နေအပ်၏။
၃၃။ သုသာန်ဓူတင်ကို မုဒုဆောက်တည်လျှင် လူသေကောင်ပုပ် ၁၂ အထိ စွန့်ပြီးသော သုသာန်၌ နေအပ်၏။
၃၄။ ယထာသန္ထတိဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် ကျောင်နှင့် စပ်ဆိုင်ရာကို အကောင်းအဆိုး မမေးမြန်း မစုံစမ်းပဲ သ့ဃာညွှန်ကြားသည့်အတိုင်း နေအပ်၏။
၃၅။ ယထာသန္ထတိဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် စုံစမ်းမေးမြန်းနိုင်၏။ သွား၍မကြည့်ပဲ နေအပ်၏။
၃၆။ ယထာသန္ထတိဓူတင်ကို မုဒုဆောက်တည်လျှင် ၎င်းသံဃာညွှန်ရာကျောင်းများကို စုံစမ်းမေးမြန်းခြင်း၊ သွား၍ကြည့်ရှုခြင်းငှါ အပ်၏။
၃၇။ နေသဇ္ဇိဓူတင်ကို ဥက္ကဋ္ဌဆောက်တည်လျှင် နောက်မှီဟူသမျှကို မသုံးဆောင်အပ်။
၃၈။ နေသဇ္ဇိဓူတင်ကို မဇ္ဈုံဆောက်တည်လျှင် မှီရာတံကဲပျဉ်တိုင် ရိုးရိုးကိုသာ သုံးဆောင်အပ်၏။
၃၉။ နေသဇ္ဇိဓူတင်ကို မုဒုဆောက်တည်လျှင် အမှီထိုင်ခုံ အမျိုးမျိုးကို သုံးဆောင်အပ်၏။
၎င်းသုံးဆယ့်ကိုးပါး၌ မိမိလည်းဆောက်တည် သူတပါးကိုလည်းဆောက်တည်စေသော ဓုတ-ဓုတ ပုဂ္ဂိုလ်၊ မိမိသာဆောက်တည်၍ သူတပါးကို မဟောကြားသော ဓုတ-အဓုတ ပုဂ္ဂိုလ်နှစ်ပါးနှင့် မြှောက်သော် ဓူတင်ဆောင် (၇၈) ယောက်ဖြစ်၍ သဒ္ဓါဓိက၊ ပညယဓိက၊ ဝိရိယာဓိက (၃) ယောက်နှင့် မြှောက်လျှင် ဓူတင်ဆောင် (၂၃၄) ယောက်ရ၏။
ပဋိက္ခိပါမိဖြင့် ဆောက်တည်ပုံ
၁။ ဂဟပတိဒါန စီဝရံ ပဋိက္ခိပါမိ = ဒါယကာလှူသော သင်္ကန်းကို ပယ်ပါ၏။
၂။ စတုတ္ထကစီဝရံ ပဋိက္ခိပါမိ = လေးထည်မြောက်သောသင်္ကန်းကို ပယ်ပါ၏။
၃။ အတိရေကလာဘံ ပဋိက္ခိပါမိ – အတိရေက လာဘ်များကို ပယ်ပါ၏။
၄။ လောလုပ္ပစာရံ ပဋိက္ခိပါမိ – လျှပ်ပေါ်လော်လည်သော ဆွမ်းခံသွားခြင်းကို ပယ်ပါ၏။
၅။ နာနာသ နဘောဇနံ ပဋိက္ခိပါမိ – အထူးထူးသောနေရာ၌ စားခြင်းကို ပယ်ပါ၏။
၆။ ဒုတိယဘောဇနံ ပဋိက္ခိပါမိ – နှစ်ခုမြောက်သော ခွက်ပို ပယ်ပါ၏။
၇။ အတိရိတ္တဘောဇနံ ပဋိက္ခပါမိ – အတိရိတ် ဝိနည်းကံပြုသော ဘောဇဥ်ကို ပယ်ပါ၏။
၈။ ဂါမန္တသေနာသနံ ပဋိက္ခိပါမိ – ရွာနီးကျောင်းကို ပယ်ပါ၏။
၉။ ဆန္န ပဋိပက္ခိပါမိ – အမိုးမိုးသော အရပ်ကို ပယ်ပါ၏။
၁၀။ ဆန်နဉ်စ ရုက်ခမူလ ပဋိက်ခိပါမိ – အမိုးမိုးသောအရပျနှငျ့ သစျပငျရငျးကို ပယျပါ၏။
၁၁။ နသုသာနံ ပဋိက္ခိပါမိ – သုသာန်မဟုတ်သော နေရာကို ပယ်ပါ၏။
၁၂။ သေနာသန လောလုပ္ပံ ပဋိက္ခိပါမိ – ကျောင်းနေရာ၌ လျှပ်ပေါ်လော်လည်ခြင်း ပယ်ပါ၏။
၁၃။ သေယျံ ပဋိပက္ခိပါမိ – ကိုယ်ဆန့်လျောင်း စဥ်းလဲ၍ အိပ်ခြင်းကို ပယ်ပါ၏။
ဓူတင် ၁၃ ပါးဆောင်လိုလျှင် ရွာနှင့် တစ်မိုင်နှစ်ဖာလုံဝေးသော တောသုသာန်ကို ကြိုတင်ကြည့်ရှုပြီးမှ ဆောင်ပါလေ။
သမာဒိယာမိဖြင့် ဆောက်တည်ပုံ
၁။ ပံသကူလိကင်္ဂံ သမာဒိယာမိ – မြေမှရသော သင်္ကန်းကို ဆောင်သော ဓူတင်ကို ဆောက်တည်ပါ၏။
၂။ တိစိဝရိကင်္ဂ သမာဒိယာမိ – သင်္ကန်းသုံးထည်သာဆောင်သော ဓူတင်ကို ဆောက်တည်ပါ၏။
၃။ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ – ဆွမ်းခံ၍ စားသော ဓူတင်ကို ဆောက်တည်ပါ၏။
၄။ သ, ပဒါနစာရိကင်္ဂံ သမာဒိယာမိ – အိမ်အစဥ်အတိုင်း ဆွမ်းခံသော ဓူတင်ကို ဆောက်တည်ပါ၏။
၅။ ဧကာသနိကင်္ဂံ သမာဒိယာမိ – တခါတည်းစားသော ဓူတင်ကို ဆောက်တည်ပါ၏။
၆။ ပတ္တပိဏ္ဍကင်္ဂံ သမာဒိယာမိ – တစ်ခွက်တည်းသာ စားသော ဓူတင်ကို ဆောက်တည်ပါ၏။
၇။ ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ – တစ်ခွန်းတော်ပြီဆိုမိလျှင် ရပ်သောဓူတင်ကို ဆောက်တည်ပါ၏။
၈။ အာရညကင်္ဂံ သမာဒိယာမိ – တောရ၌ နေသော ဓူတင်ကို ဆောက်တည်ပါ၏။
၉။ ရုက္ခမူလိကင်္ဂံ သမာဒိယာမိ – သစ်ပင်ရင်း၌နေသော ဓူတင်ကို ဆောက်တည်ပါ၏။
၁၀။ အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ – လွင်တီးခေါင်၌ နေသောဓူတင်ကို ဆောက်တည်ပါ၏။
၁၁။ သောသာနိကင်္ဂ သမာဒိယာမိ – သုသာန်ဓူတင်ကို ဆောက်တည်ပါ၏။
၁၂။ ယထာသန္တတိကင်္ဂံ သမာဒိယာမိ – သံဃာညွှန်ရာ၌ နေသော ဓူတင်ကို ဆောက်တည်ပါ၏။
၁၃။ နေသဇ္ဇိကင်္ဂံ သမာဒိယာမိ – တုံးလုံးမလှဲသော ဓူတင်ကို ဆောက်တည်ပါ၏။
ဓုတင် (၁၃) ပါးကို အဓိဋ္ဌာမိဖြင့် ဆောက်တည်ပုံ
၁။ ပံသကူလိကင်္ဂံ အဓိဋ္ဌာမိ – မြေမှရသော သင်္ကန်းကို ဆောင်သော ဓူတင်ကို ဆောက်တည်ပါ၏။
၂။ တိစီဝရိကင်္ဂ အဓိဋ္ဌာမိ – သင်္ကန်းသုံးထည်သာဆောင်သော ဓူတင်ကို ဆောက်တည်ပါ၏။
၃။ ပိဏ္ဍပါတိကင်္ဂံ အဓိဋ္ဌာမိ – ဆွမ်းခံ၍ စားသော ဓူတင်ကို ဆောက်တည်ပါ၏။
၄။ သ,ပဒါနကင်္ဂံ အဓိဋ္ဌာမိ = အိမ်အစဥ်အတိုင်း ဆွမ်းခံသော ဓူတင်ကို ဆောက်တည်ပါ၏။
၅။ ဧကာသနိကင်္ဂံ အဓိဋ္ဌာမိ – တခါတည်းစားသော ဓူတင်ကို ဆောက်တည်ပါ၏။
၆။ ပတ္တပိဏ္ဍိကင်္ဂံ အဓိဋ္ဌာမိ – တစ်ခွက်တည်းသာ စားသော ဓူတင်ကို ဆောက်တည်ပါ၏။
၇။ ခလုပစ္ဆာဘတ္တိကင်္ဂံ အဓိဋ္ဌာမိ – တစ်ခွန်းတော်ပြီဆိုမိလျှင် ရပ်သောဓူတင်ကို ဆောက်တည်ပါ၏။
၈။ အာရညကင်္ဂံ အဓိဋ္ဌာမိ – တောရ၌ နေသော ဓူတင်ကို ဆောက်တည်ပါ၏။
၉။ ရုက္ခမူလိကင်္ဂံ အဓိဋ္ဌာမိ – သစ်ပင်ရင်း၌နေသော ဓူတင်ကို ဆောက်တည်ပါ၏။
၁၀။ အဗ္ဘောကာသိကင်္ဂံ အဓိဋ္ဌာမိ – လွင်တီးခေါင်၌ နေသောဓူတင်ကို ဆောက်တည်ပါ၏။
၁၁။ သောသာနိကင်္ဂံ အဓိဋ္ဌာမိ – သုသာန်ဓူတင်ကို ဆောက်တည်ပါ၏။
၁၂။ ယထာသန္ထတိကင်္ဂံ အဓိဋ္ဌာမိ – သံဃာညွှန်ရာ၌ နေသော ဓူတင်ကို ဆောက်တည်ပါ၏။
၁၃။ နေသဇ္ဇိကင်္ဂ အဓိဋ္ဌာမိ – တုံးလုံးမလှဲသော ဓူတင်ကို ဆောက်တည်ပါ၏။
အမှတ် ၅၊ ၆၊ ၇၊ ၁၃ တို့ကို ရဟန်းရှင်လူ လွယ်ကူစွာဖြစ် ဆောက်တည်နိုင်၏။
ဓူတင်၏ ဂုဏ်ကျေးဇူး ၂၈ ပါး
၁။ သုဒ္ဓါဇီဝံ – အသက်မွေး စင်ကြယ်၏။
၂။ သုခဖလံ – ချမ်းသာသော အကျိုးရှိ၏။
၃။ အနဝဇ္ဇံ – အပြစ်မရှိ။
၄။ နပရဒုက္ခာဝဟနံ သူတပါးတို့၏ ဆင်းရဲကို မဆောင်တတ်။
၅။ အ, ဘယံ ဘေးမရှိ။
၆။ အ, သမ္ပိဠနံ သူတပါးကို မညှဥ်းဆဲ။
၇။ ဧကန္တဝဎုကံ စင်စစ်ပွားစီး၏။
၈။ အပရိဟာနိယံ ဆုတ်ယုတ်ခြင်းမရှိ။
၉။ အ, မာယံ ကောက်ကျစ်စဥ်းလဲခြင်း မရှိ။
၁၀။ အာရက္ခာ. သေခြင်းတရားကို စောင့်ရှောက်တတ်၏။
၁၁။ ပတ္ထိတဒဒံ. တောင့်တသောအတိုင်း အကျိုးပေးတတ်၏။
၁၂။ သဗ္ဗသတ္တဒမနံ : အလုံးစုံသောသတ္တဝါတို့ကို ဆုံးမတတ်၏။
၁၃။ သံဝရဟိတံ : စောင့်ရှောက်ခြင်း အကျိုးရှိ၏။
၁၄။ ပတိရူပံ : လျှောက်ပတ်သော တရားရှိ၏။
၁၅။ အနိဿိတံ. : ကိလေသာတို့သည် မှီဝဲ၍ မနေအပ်။
၁၆။ ဝိပ္ပမုတ္တံ : ကိလေသာတို့မှ လွတ်မြောက်၏။
၁၇။ ရာဂက္ခယံ: ရာဂကုန်၏။
၁၈။ ဒေါသက္ခယံ: ဒေါသကုန်၏။
၁၉။ မောဟက္ခယံ: မောဟကုန်၏။
၂၀။ မာနပ္ပဟာနံ: မောဟကုန်၏။
၂၁။ ကုဝိတက္ကစ္ဆေဒနံ: မိစ္ဆာဝိတက်ကို ဖြတ်တတ်၏။
၂၂။ ကင်္ခါဝိတရဏံ: ယုံမှားသင်္ကါမှ ကူးမြောက်၏။
၂၃။ ကောသဇ္ဇဝိဒ္ဓံသနံ : ပျင်းရိခြင်းကို ဖျောက်တတ်၏။
၂၄။ အရတိပ္ပဟာနံ : မေ့လျော့ခြင်းကို ပယ်တတ်၏။
၂၅။ ခမနံ : သည်းခံတတ်၏။
၂၆။ အတုလံ: အတုမရှိ။
၂၇။ အပ္ပမာဏံ : မနှိုင်းယှဥ်အပ်။
၂၈။ သဗ္ဗဒုက္ခက္ခယဂမနံ : အလုံးစုံသော ဆင်းရဲခြင်းသို့ ရောက်၏။
ဓူတင်ဆောင်ပုဂ္ဂိုလ်၏ ရအပ်သော ဂုဏ်ကျေးဇူး ၁၈ ပါး
၁။ အာစာရော သုဝိသုဒ္ဓေါဟောတိ : အကျင့်တရားသည် ကောင်းစွာ သန့်ရှင်းစင်ကြယ်သည် ဖြစ်၏။
၂။ ပဋိပဒါ သုပုရိတာ ဟောတိ : အကျင့်တရား ကောင်းစွာပြည့်၏။
၃။ ကာယိက ဝါစာသိကံ သုရက္ခိတံ ဟောတိ: ကိုယ်နှုတ်တို့ကို ကောင်းစွာ စောင့်ရှောက်သည် ဖြစ်၏။
၄။ မနော သမာစာရော သုဝိသုဒ္ဓေါ ဟောတိ: စိတ်နှလုံး၏ ကောင်းသော အကျင့်သည် သန့်ရှင်းစင်ကြယ်၏။
၅။ ဝီရိယံ သုပဂ္ဂဟိတံ ဟောတိ: ဝီရိယကို ကောင်းစွာ ချီးမြှောက်သည် ဖြစ်၏။
၆။ ဘယံ ဝုပသမ္မတိ: ဘေးငြိမ်း၏။
၇။ အတ္တာနု ဒိဋ္ဌိ ဗျပဂတော ဟောတိ: အတ္တာနု ဒိဋ္ဌိ အယူကင်းပျောက်၏။
၈။ အာယာတော အဟတော ဟောတိ: ရန်ငြိုးကင်းပျောက်၏။
၉။ မေတ္တာဥပဋ္ဌိတာ ဟောတိ: မေတ္တာအမြဲတည်၏။
၁၀။ အာဟာရော ပရိညာတော ဟောတိ: အာဟာရကို ပိုင်းခြား၍ သိ၏။
၁၁။ သဗ္ဗသတ္တာနံ ဂရုကတော ဟေယတိ: အလုံးစုံသော သတ္တဝါတို့၏ အလေးအမြတ် ပြုအပ်သည်ဖြစ်၏။
၁၂။ ဘောဇနမတ္တညုတာ ဟောတိ: အစာဘေယဇဥ်၌ အတိုင်းအရှည်ကို သိ၏။
၁၃။ ဇာဂရိယ မနုယုတ္တော ဟောတိ: နိုးကြားခြင်း လုံ့လနှင့် ယှဥ်သည်ဖြစ်၏။
၁၄။ အနိကေသော ဟောတိ: နေရာအမြဲမရှိ။
၁၅။ ယတ္ထ ဖာသုံ တတ္ထ ဝိဟာရီ ဟောတိ: အကြင်နေရာ၌ ချမ်းသာ၏။ ထိုနေရာ၌ နေလေ့ရှိ၏။
၁၆။ ပါပဇေဂုစ္ဆိ ဟောတိ: မကောင်းမှုကို စက်ဆုပ်၏။
၁၇။ ဝိဝေကာရာမော ဟေယတိ: ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏။
၁၈။ သယတံ အပ္ပမတော ဟောတိ: အောက်မေ့ လက်စွဲ ကုသိုလ်တရား၌ သတိမြဲ၏။
ဓူတင်အကျင့်မြတ်၏ အကျိုးထူးတရားများ
ဓူတင်၏ ကျေးဇူးသည် စင်ကြယ်ခြင်းကို အလိုရှိကုန်သော သူတို့အား မဟာပထဝီမြေကြီးသည် သက်ရှိသက်မဲ့ အားလုံး၏ တည်ရာဖြစ်သကဲ့သို့ ဓူတင်သည် ကုသိုလ်အားလုံး၏ တည်ရာဖြစ်သည်။
၁။ အလိုနည်း၍ ရောင့်ရဲလွယ်၏။
၂။ ဆိတ်ငြိမ်ရာသို့ကပ်၍ လူတို့နှင့်မရောပဲ လုံ့လရှိ၏။
၃။ ကိလေသာကိုပယ်၏။
၄။ သဘေယမခက်ထန်၊ စဥ်းလဲသော စဥ်းစားမှု မရှိ။
၅။ လောဘမကြီး၊ ဝမ်းစာကိုမငဲ့၊ အခြံအရံ အကျော်အစောမလို။
၆။ သဒ္ဓါနှင့် ပြည့်စုံ၏။ သဒ္ဓါ၍ ရဟန်းပြု၏။
၇။ အို၊ နာ၊ သေ ဘေးလွတ်လို၍ ဘုရားရှင် သာသနာတော်ကို ချီးမြှောက်အံ့ဟု ဓူတင်ဆောက်တည်၏။
နတ်လူတို့ ချစ်မြတ်နိုးအပ်၊ တောင့်တအပ်သည်ဖြစ်၍ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါ လေးပါး၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဥ်ခြောက်ပါး၊ အလုံးစုံသော တရားတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကျေးဇူးတရား အားလုံးနှင့် စပ်၏။